close

အုတ်တွင်း အထက်တန်းကျောင်းတွင် ကျောင်းသူ ၁ ဦး ကိုဗစ်ဖြင့် သေဆုံးပြီးနောက် ကိုဗစ်ကူးစက်မှု ထပ်တွေ့

ကိုဗစ်ရောဂါနဲ့ ၇ တန်းကျောင်းသူတ‌ယောက် သေဆုံးခဲ့တဲ့ ပဲခူးတိုင်း အုတ်တွင်း အထက်တန်းကျောင်းမှာ ဆရာမ သုံးယောက်နဲ့ ကျောင်းသား နှစ်ယောက်ဆီမှာ ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ပေမဲ့ ကျောင်းမပိတ်ဘဲ ဆက်ဖွင့်ထားလို့ ကူးစက်မှုတွေ ထပ်ဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ မနက်ပိုင်းက အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အုတ်တွင်း အထက်တန်းကျောင်းနဲ့ ဗောဓိကုန်း အထက်တန်းကျောင်းက ဆရာ ဆရာမနဲ့ ကျောင်းသူ ကျောင်းသား ၅၀၀ ကျော်ကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာ ဆရာမသုံးယောက်နဲ့ ကျောင်းသား နှစ်ယောက်ဆီမှာ ကိုဗစ်ပိုး တွေ့ခဲ့တာလို့ မြို့ခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းနှစ်ကျောင်းကို စစ်တာ ကလေးမလေး သေတဲ့ ကျောင်းက ဆရာမသုံးဦးနဲ့ ကျောင်းသားနှစ်ဦးဆီမှာ တွေ့တာ။ ပြီးတော့ ၇ တန်းသင်တဲ့ ဆရာမတွေ ကိုဗစ်ဖြစ်နေတာတောင် မသိဘူး။ ကလေးတွေဆီပါ ကူးနေတာ။ အဲ့ဒါကို ဟုမ်းကွာရန်တင်းပဲ ဝင်ခိုင်းတာ။ ကျောင်းကိုမပိတ်ဘူး။”

အုတ်တွင်း အထက်တန်းကျောင်းက ဆရာမနဲ့ ကျောင်းသားနှစ်ယောက်မှာ ပိုးတွေ့ပြီးနောက် ဆေးဖျန်းတာတွေ လုပ်ဆောင်ခဲ့ပြီး ကျောင်းသား ကျောင်းသူတွေကို မတ်စ်ခ် တပ်ခိုင်းပြီး လက်ဆေးကာ ကျောင်းကို ဆက်လက်ဖွင့်နေတာလို့ ကျောင်းသားမိဘတယောက်က ဒီဗွီဘီကို ပြောပါတယ်။

“ကျောင်းကို ခဏပိတ်ပြီး ကိုဗစ်နဲ့ပတ်သက်ပြီး သေချာလုပ်စေချင်တယ်။ ပြီးစလွယ် မလုပ်စေချင်ဘူး။ ပရဟိတအဖွဲ့တွေကလည်း ကူညီနေတယ်။ ကျမတို့ကတော့ စိုးရိမ်တယ်။”

အုတ်တွင်းအထက်တန်းကျောင်းကို နေရာအနှံ့ ဆေးဖျန်းတာတွေ လုပ်ဆောင်ပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ဆောင်ဖို့ ညွှန်ကြားထားပြီး ကျောင်းဆက်ဖွင့်ခိုင်းတာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“ပိုးတွေ့တာပဲရှိတာ၊ ကိုဗစ်လက္ခဏာနဲ့ပတ်သက်ပြီး သူတို့မှာ ခံစားရတာမရှိဘူး။ ပြီးတော့ သူတို့တွေက ကိုဗစ်ဆေး နှစ်ကြိမ် သုံးကြိမ် ထိုးထားတဲ့သူတွေ။”

လတ်တလောမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ ဆရာမသုံးယောက်၊ ကျောင်းသားတယောက်နဲ့ ကျောင်းသူတယောက်ကို ဟုမ်းကွာရန်တင်း ဝင်ခိုင်းထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ အုတ်တွင်းအထက်တန်းကျောင်းမှာ စက်တင်ဘာ ၅ ရက်က ၇ တန်းကျောင်းသူတယောက် မူးလဲကျပြီး ဆေးရုံအဆင့်ဆင့်ပိုခဲ့ရာ နေပြည်တော် ခုတင် ၁,၀၀၀ ဆေးရုံမှာ စက်တင်ဘာ ၆ ရက် မနက်က သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up