လွန်ခဲ့တဲ့ နှစ် ၂၀ က ဖီဖာကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ခဲ့ကြတဲ့ ဘရာဇီး ဘောလုံးသမားကြီးတွေဟာ အောင်ပွဲအထိမ်းအမှတ် အမှတ်တရအခမ်းအနားတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ပါတယ်။
၂၀၀၂ ခုနှစ်က ကိုရီးယားနဲ့ ဂျပန်တို့ ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ဖီဖာ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးနိုင်ငံက ငါးကြိမ်မြောက် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တာကို ပြန်လည်အမှတ်ရတဲ့အနေနဲ့ အဲဒီအချိန်က အသင်းခေါင်းဆောင် ကာဖူးနဲ့ ရိုနယ်ဒို၊ ရီဗက်ဒို တို့ ပါဝင်တဲ့ အသင်းသားတွေဟာ ပျော်ပွဲ ရွှင်ပွဲတခုကို ရီယိုဒီဂျနေးရိုးမြို့က ဟိုတယ်တခုမှာ ဇွန် ၃၀ ရက်က ပြုလုပ်ခဲ့ကြတာပါ။
အခမ်းအနားမှာ ရိုနယ်ဒိုက “နေမာကသာ ရာနှုန်းပြည့် ကြံ့ခိုင်နေမယ်ဆိုရင် ကာတာမှာ ကျင်းပမယ့် ၂၀၂၃ ကမ္ဘာ့ဖလား ရနိုင်တဲ့ အခြေအနေကောင်းရှိတယ်” လို့ ပြောပါတယ်။
၂၀၀၂ ကမ္ဘာ့ဖလားတုန်းက ဘရာဇီးအသင်းနဲ့ ဂျာမနီအသင်းတို့ နောက်ဆုံး ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ကြပြီး ဘရာဇီးက ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။
ဂျပန်နိုင်ငံက ယိုကိုဟားမားမြို့ဘောလုံးကွင်းမှာ ယှဉ်ပြိုင်တဲ့ နောက်ဆုံး ဗိုလ်လုပွဲမှာ ဘရာဇီး တိုက်စစ်မှူးရိုနယ်ဒိုက နိုင်ငံအသင်း ချန်ပီယံ ဖြစ်စေမယ့် အနိုင်ဂိုး နှစ်ဂိုးစလုံးကို သွင်းယူပြီး ဘရာဇီးနိုင်ငံတော်အလံကို အမြင့်မားဆုံး လွှင့်ထူနိုင်ခဲ့ပါတယ်။
ဘရာဇီးအသင်းဟာ ၁၉၅၈ ဆွီဒင်က အိမ်ရှင်အဖြစ်ကျင်းပတဲ့ ကမ္ဘာ့ဖလား၊ ၁၉၆၂ ချီလီ ကမ္ဘာ့ဖလား၊ ၁၉၉၄ အမေရိကန် ပြည်ထောင်စုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား၊ ၂၀၀၂ ကိုရီးယားနဲ့ ဂျပန်တို့က ပူးတွဲ အိမ်ရှင်အဖြစ် ကျင်းပတဲ့ ကမ္ဘာ့ဖလားတို့မှာ ချန်ပီယံဖလား ဖြစ်ခဲ့ပါတယ်။
ဘရာဇီးနိုင်ငံရှိ ကမ္ဘာကျော် ကိုပါကာဘာနာကမ်းခြေမှာ တက်ကြွလှုပ်ရှားသူတွေဟာ ဇွန် ၈ ရက်က စုရုံးခဲ့ကြပြီး ကမ္ဘာ့သမုဒ္ဒရာများနေ့အထိမ်းအမှတ်ပွဲမှာ ပူးပေါင်း ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။
ထောင်နဲ့ချီတဲ့ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတွေ စေတနာ့ဝန်ထမ်းတွေဟာ ကမ်းခြေမှာရှိတဲ့ အဓိကကျတဲ့နေရာတွေမှာ စုပေါင်းအမှိုက်ကောက်တာတွေလည်းပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ သမုဒ္ဒရာတွေကို ကျေးဇူးတင်ဖို့နဲ့ လူ့အဖွဲ့အစည်းက သမုဒ္ဒရာတွေ အပေါ် ဘယ်လို အဖျက်သဘော သက်ရောက်နေတယ်ဆိုတာ ပိုပြီးသတိထားမိ လာစေဖို့ နည်းလမ်းတခုလို့ ပွဲစီစဉ်သူ ဖိလစ်ပ် ဒါကို့စ်တာက ပြောပါတယ်။
ဒီပွဲကို ၂၀၁၉မှာ ကျင်းပချိန်က လူအယောက် ၁၅၀၀၀ လောက်ပါဝင်ခဲ့ကြပြီး အမှိုက်သရိုက် အပိုင်းအစ ၁၁၁,၀၀၀ ပြန်ကောက်ယူခဲ့ကြပါတယ်။