close

အထူးကုဆရာဝန်

close

August 12, 2021

ရေးမြို့နယ်တွင် ကိုဗစ်လူနာများအတွက် အထူးကုဆရာဝန်များက စတင်ကုသပေးနေ

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာပြီး ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုကြုံနေရတဲ့ မွန်ပြည်နယ် ရေးမြို့နယ်  ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံမှာ မော်လမြိုင်ဆေးရုံကြီးက အထူးကု ဆရာဝန် ၃ ဦး  သြဂုတ် ၁၂ ရက်နေ့ကစတင်ပြီး လာရောက်ကုသပေးနေတယ်လို့ မြို့နယ် ကိုဗစ်ကော်မတီက ပြောပါတယ်။

ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို တာဝန်ကျအထူးကု ဆရာဝန်တွေက အလှည့်ကျ ကုသပေးသွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက သမားတော်နဲ့ ဆရာဝန်မရှိတာကြောင့် ကုသရေးအပိုင်းမှာ လူနာတွေ မသေသင့်ဘဲ သေဆုံးခဲ့ရတာတွေ ရှိခဲ့တယ်လို့ မြို့ခံ ပရဟိတသမားတွေက ပြောပါတယ်။

ရေးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာတာကြောင့် ဆေးရုံနဲ့ ကုသရေးစင်တာတွေမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း မနိုင်မနင်းဖြစ်နေကြတာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါအခံရှိသူတွေနဲ့ သက်ကြီးပိုင်းတွေ အများဆုံး သေဆုံးခဲ့ကြတာဖြစ်ပြီး နေအိမ်တွေမှာ ကုသနေသူလည်း သေဆုံးကြတာတွေ ရှိတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။

ရေးမြို့နယ် ကိုဗစ်-၁၉  လူနာပေါင်း ဒီနေ့အထိ  ၁,၀၇၀ ဦး၊ သေဆုံးသူ ၈၄ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၄၆၀  ဦး ရှိပြီလို့ သိရပါတယ်။

2 mins Ago
Up