ရေးမြို့နယ်တွင် ကိုဗစ်လူနာများအတွက် အထူးကုဆရာဝန်များက စတင်ကုသပေးနေ

ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာပြီး ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုကြုံနေရတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံမှာ မော်လမြိုင်ဆေးရုံကြီးက အထူးကု ဆရာဝန် ၃ ဦး သြဂုတ် ၁၂ ရက်နေ့ကစတင်ပြီး လာရောက်ကုသပေးနေတယ်လို့ မြို့နယ် ကိုဗစ်ကော်မတီက ပြောပါတယ်။
ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို တာဝန်ကျအထူးကု ဆရာဝန်တွေက အလှည့်ကျ ကုသပေးသွားမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်တွေက သမားတော်နဲ့ ဆရာဝန်မရှိတာကြောင့် ကုသရေးအပိုင်းမှာ လူနာတွေ မသေသင့်ဘဲ သေဆုံးခဲ့ရတာတွေ ရှိခဲ့တယ်လို့ မြို့ခံ ပရဟိတသမားတွေက ပြောပါတယ်။
ရေးမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ များပြားလာတာကြောင့် ဆေးရုံနဲ့ ကုသရေးစင်တာတွေမှာ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်း မနိုင်မနင်းဖြစ်နေကြတာလို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် ရောဂါအခံရှိသူတွေနဲ့ သက်ကြီးပိုင်းတွေ အများဆုံး သေဆုံးခဲ့ကြတာဖြစ်ပြီး နေအိမ်တွေမှာ ကုသနေသူလည်း သေဆုံးကြတာတွေ ရှိတယ်လို့ ပရဟိတသမားတွေက ပြောပါတယ်။
ရေးမြို့နယ် ကိုဗစ်-၁၉ လူနာပေါင်း ဒီနေ့အထိ ၁,၀၇၀ ဦး၊ သေဆုံးသူ ၈၄ ဦးနဲ့ ဆေးရုံက ဆင်းခွင့်ရသူ ၄၆၀ ဦး ရှိပြီလို့ သိရပါတယ်။