ဆိုမာလီယာနိုင်ငံဟာ ရာသီဥတုပြဿနာရဲ့ ရိုက်ခတ်မှုကို ခံစားနေရပြီး ဘာမှလုပ်ကိုင်ဖန်တီးလို့ မရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဧပြီလ ၁၂ ရက်မှာ ပြောကြားလိုက်ပါတယ်။
မနှစ်က လူပေါင်း ၄၃,၀၀၀ လောက် သေဆုံးခဲ့တဲ့ မိုးခေါင်မှုကြောင့် နိုင်ငံဟာ အငတ်ဘေး ကျရောက်စေဖို့ အန္တရာယ်ရှိနေကြောင်းလည်း ပြောပါတယ်။
ဂူတာရက်စ်ဟာ မိုးခေါင်ရေရှားမှုကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အယ်လ်ကိုင်ဒါအဖွဲ့ အယ်လ်ရှာဘတ်အဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူတွေ အတွက် နေရာစီစဉ်ပေးထားတဲ့ ဆိုမာလီယာ အနောက်တောင်ပိုင်းက ဘိုင်ဒိုအာရှိစခန်းတစ်ခုကို သွားရောက်ပြီးနောက်မှာ နိုင်ငံ့လူဦးရေ ထက်ဝက်နီးပါး ရှိတဲ့ ဆိုမာလီ ၈ ဒသမ ၃ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အရေးပေါ် လိုအပ်နေကြောင်း ပြောပါတယ်။
မိုးခေါင်ရေရှားမှုကြောင့် ဆိုမာလီလူမျိုး ၁ ဒသမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အဲ့ဒီထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေက ၈၀ ရာခိုင်နှုန်း လောက် ရှိတယ်လို့ ဆိုပါတယ်။
၅ နှစ် ဆက်တိုက် မိုးမကောင်းခဲ့ပဲ အခုနှစ် နိုင်ငံအတွက် လိုအပ်တဲ့ အကူအညီ ၂ ဒသမ ၆ ဘီလီယံရဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ ရရှိတယ် လို့လည်း သူက ဆိုပါတယ်။
စားနပ်ရိက္ခာအကျပ်အတည်းရဲ့ ပြင်းထန်မှုကို ဆုံးဖြတ်ဖို့အတွက် ကမ္ဘာ့စံနှုန်းကို သတ်မှတ်ပေးတဲ့ (IPC) အဖွဲ့ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက အငတ်ဘေးကို ယာယီ ရှောင်လွှဲနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပေမယ့် အခြေအနေက ပိုပြီးဆိုးရွားလာကြောင်း သတိပေးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံဖို့နဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။
မလည်တိုက်နယ်၊ ပဇီကြီးကျေးရွာမှာ ဧပြီလ ၁၁ ရက်မနက်က ရွာသူရွာသားတွေ စုရုံးနေတဲ့အချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ ၁၀၀ ကျော်သေဆုံးရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ဧပြီလ ၁၁ ရက်မှာ ထုတ်ပြန်ရာမှာ တောင်းဆိုထားတာပါ။
ဒီဖြစ်ရပ်မှာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ အလွန်အမင်း ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ဒဏ်ရာရသူတွေကို အရေးပေါ် ဆေးကုသဖွင့်ပေးဖို့နဲ့ အကူအညီတွေပေးခွင့်ပြုဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချကြောင်းနဲ့ အရပ်သားပြည်သူတွေကို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေနဲ့အညီ အဓိကဦးစားပေးပြီး ကာကွယ်ပေးဖို့ ထပ်လောင်း အတည်ပြုတိုက်တွန်းပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုလိုက်နာပြီး နိုင်ငံတဝန်းမှာ ပြည်သူတွေပေါ် အကြမ်းဖက်လုပ်ဆောင်နေတာတွေကို ရပ်တန်းကရပ်ဖို့လည်း ကုလသမဂ္ဂ အကြီးအကဲက ထပ်မံတောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ နိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ် ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုထားတာပါဝင်တဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်မှာ ကန့်ကွက်သူမရှိ အတည်ပြုချမှတ်ထားတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး နိုင်ငံတဝန်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု၊ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ ကျေးရွာတွေကို မီးရှို့မှု ၊ အရပ်သားတွေကို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ မတရား ထောင်ဒဏ်တွေ ချမှတ်တာတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။
PHOTO-UN