ကမ္ဘာပေါ်မှာ အာဏာသိမ်းမှု ကူးစက်ရောဂါ ဖြစ်နေပြီး အာဏာသိမ်းမှုတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ရေး အရေးယူ ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို အောက်တိုဘာ ၂၆ ရက်မှာ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂုတားရဲ့စ်က တိုက်တွန်းလိုက်ပါတယ်။
ဆူဒန် စစ်အာဏာသိမ်းမှုအရေး ဆွေးနွေးဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီက ပြင်ဆင်နေတာပါ။
ဆူဒန်ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် သူတို့ရဲ့ ပြင်းပြတဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးပြီလို့ အန်တိုနီယိုဂုတားရဲ့စ် သတင်းထောက်တွေကို ပြောပါတယ်။
ဆူဒန်စစ်တပ်က တနင်္လာနေ့မှာ အာဏာသိမ်းခဲ့တာကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး ဘက်အားလုံးက အဆုံးစွန် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာ၊ မာလီနဲ့ ဂီနီနိုင်ငံတွေမှာ အာဏာသိမ်းမှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီး တခြားနိုင်ငံ အတော်များများမှာလည်း အာဏာသိမ်းဖို့ ကြိုးစားခဲ့ကြတာပါ။
ဆူဒန်အရေးကို အောက်တိုဘာ ၂၇ ရက်က တံခါးပိတ် ဆွေးနွေးပြီး ဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ စစ်ရေးအရ အရေးယူဖို့ အခွင့်အာဏာရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပဋိပက္ခအမျိုးမျိုးကို ဘယ်လိုချဉ်းကပ်မလဲဆိုတာ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေက တဖက်၊ တရုတ်နဲ့ ရုရှားက တဖက် သဘောထား အယူအဆ ကွဲပြားနေပါတယ်။
ဂုတားရဲ့စ်က “ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ စီးပွားရေးနဲ့ လူမှုရေးအပေါ် သက်ရောက်မှုတွေကြောင့် စစ်ခေါင်းဆောင်တွေက သူတို့ အပြစ်ပေးခံရမှာ မဟုတ်ဘဲ လုပ်ချင်တာ လုပ်နိုင်တယ်၊ သူတို့ ဘာမှဖြစ်သွားမှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ဝင်နေတယ်။ လုံခြုံရေးကောင်စီဟာ အားကောင်းကောင်း အရေးယူဆောင်ရွက်ဖို့ ခက်နေတယ်” လို့ ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်တပ်နဲ့ရဲက ပြည်သူလူထုကို အကြမ်းဖက်ဖြိုခွင်းနေတဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်က အပြင်းအထန် ကန့်ကွက်ရှုတ်ချလိုက်ပြီး အသက်ဆုံးရှုံးမှုနဲ့ ပြင်းထန်ဒဏ်ရာရမှုတို့ မြင့်တက်လာတဲ့အတွက် လွန်စွာ စိတ်ပျက်မိတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို ရဲနှင့်စစ်တပ်က သေနတ်ပစ်ခတ် အကြမ်းဖက်ဖြိုခွင်းခဲ့လို့ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ထားဝယ် စတဲ့မြို့တွေမှာ ပြည်သူ အယောက် ၂၀ လောက် ဦးသေဆုံးပြီး ရာနဲ့ချီဖမ်းဆီးခံရပြီးနောက် အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာပါ။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်းတာဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။
စစ်တပ်အနေနဲ့ ရွေးကောက်ပွဲမှတစ်ဆင့် ဖော်ပြခဲ့တဲ့ မြန်မာပြည်သူပြည်သားတွေရဲ့ ဆန္ဒကို လေးစားလာအောင်နဲ့ ဖိနှိပ်မှုတွေ ရပ်တန့်လာအောင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အတူအကွ စုပေါင်းကာ ရှင်းလင်းစွာ သတိပေးဖို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR)ကလည်း မြန်မာစစ်တပ်အနေနဲ့ ပြည်သူတွေအပေါ် အင်အားသုံးတာ ချက်ချင်းရပ်ဖို့ ဆော်သြလိုက်ပါတယ်။
ပြည်လုံးကျွတ် ဆန္ဒပြပွဲအတွင်း လူထုကို ရဲနဲ့ စစ်တပ်က လူသေစေတဲ့အထိ အင်အားသုံးပြီး ကျည်အစစ်တွေနဲ့ ပစ်ခတ် နှိမ်နင်းလို့ ဆန္ဒပြသူ အယောက် ၃၀ ကျော်လောက် ဒဏ်ရာရခဲ့တယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက် တွေကို ကိုးကားပြီး (OHCHR) က ပြောပါတယ်။