ကမ္ဘာပေါ်က အာဏာသိမ်းမှုများအား ထိရောက်စွာအရေးယူရန် လုံခြုံရေးကောင်စီကို တိုက်တွန်း

ကမ္ဘာပေါ်မှာ အာဏာသိမ်းမှု ကူးစက်ရောဂါ ဖြစ်နေပြီး အာဏာသိမ်းမှုတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ရေး အရေးယူ ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီကို အောက်တိုဘာ ၂၆ ရက်မှာ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂုတားရဲ့စ်က တိုက်တွန်းလိုက်ပါတယ်။
ဆူဒန် စစ်အာဏာသိမ်းမှုအရေး ဆွေးနွေးဖို့ အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီက ပြင်ဆင်နေတာပါ။
ဆူဒန်ပြည်သူတွေဟာ ဒီမိုကရေစီနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် သူတို့ရဲ့ ပြင်းပြတဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးပြီလို့ အန်တိုနီယိုဂုတားရဲ့စ် သတင်းထောက်တွေကို ပြောပါတယ်။
ဆူဒန်စစ်တပ်က တနင်္လာနေ့မှာ အာဏာသိမ်းခဲ့တာကိုလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး ဘက်အားလုံးက အဆုံးစွန် ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
မြန်မာ၊ မာလီနဲ့ ဂီနီနိုင်ငံတွေမှာ အာဏာသိမ်းမှုတွေ ဆက်တိုက်ဖြစ်ခဲ့အပြီး တခြားနိုင်ငံ အတော်များများမှာလည်း အာဏာသိမ်းဖို့ ကြိုးစားခဲ့ကြတာပါ။
ဆူဒန်အရေးကို အောက်တိုဘာ ၂၇ ရက်က တံခါးပိတ် ဆွေးနွေးပြီး ဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ စစ်ရေးအရ အရေးယူဖို့ အခွင့်အာဏာရှိတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပဋိပက္ခအမျိုးမျိုးကို ဘယ်လိုချဉ်းကပ်မလဲဆိုတာ အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေက တဖက်၊ တရုတ်နဲ့ ရုရှားက တဖက် သဘောထား အယူအဆ ကွဲပြားနေပါတယ်။
ဂုတားရဲ့စ်က “ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါရဲ့ စီးပွားရေးနဲ့ လူမှုရေးအပေါ် သက်ရောက်မှုတွေကြောင့် စစ်ခေါင်းဆောင်တွေက သူတို့ အပြစ်ပေးခံရမှာ မဟုတ်ဘဲ လုပ်ချင်တာ လုပ်နိုင်တယ်၊ သူတို့ ဘာမှဖြစ်သွားမှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ဝင်နေတယ်။ လုံခြုံရေးကောင်စီဟာ အားကောင်းကောင်း အရေးယူဆောင်ရွက်ဖို့ ခက်နေတယ်” လို့ ထောက်ပြပါတယ်။