close

အန်နဝါအီဘရာဟင်

close

November 8, 2022

အန်နဝါအီဘရာဟင်နှင့် လက်တွဲလုပ်ဆောင်ရန် လမ်းဖွင့်ထားဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာပြော

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ အစိုးရဖွဲ့ဖို့ သူ့ပြိုင်ဘက် အန်နဝါ အီဘရာဟင် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့နဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိလာနိုင်ကြောင်း နိုဝင်ဘာ ၈ ရက်က ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ ကာလကြာရှည် ရန်သူတော်ကြီးကို ဝန်ကြီးချုပ်အဖြစ် လက်ခံမှာလား ဆိုတဲ့အပေါ် သီးသန့်အစီအစဉ်တွေ ရှိမယ်လို့လည်း ထုတ်ဖော်ပြောဆိုပါတယ်။

မလေးရှားကို နှစ် ၂၀ ကျော်ကြာ ဦးဆောင်ခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် မဟာသီယာ ဟာ လာမယ့် နိုဝင်ဘာ ၁၉ ရက် အထွေထွေရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အစ္စမေးလ် ဆာဘရီ ယာကော့ဘ် ဦးဆောင်တဲ့ ကာလရှည် အာဏာရ ဘီအန်ပီပါတီကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ အတိုက်အခံ ညွန့်ပေါင်း ၃ ခုထဲက ၁ ခုကို ဦးဆောင်နေတာပါ။

ဝန်ကြီးချုပ်ဖြစ်ဖို့ကို စွဲလမ်းနေတယ်လို့ အန်နဝါကို အရင်က စွပ်စွဲခဲ့ဖူးတဲ့ မဟာသီယာက ပါတီတွေဟာ ဝန်ကြီးချုပ်ဖြစ်လာမယ့်သူအရေး ဆွေးနွေးဖို့ လိုအပ်ပေမဲ့လည်း သူက အန်နဝါရဲ့ မဟာမိတ်တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ လမ်းဖွင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေ မထွက်လာခင်မှာ ဝန်ကြီးချုပ်ရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် တောင်းဆိုမှုကို သဘောမတူကြောင်းလည်း မဟာသီယာက ပြောပါတယ်။

အန်နဝါကတော့ ပြီးခဲ့တဲ့တပတ်က ရိုက်တာနဲ့ အင်တာဗျူးတခုမှာ မဟာသီယာနဲ့ တခြားမဟာမိတ်အဖွဲ့တွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ကို ငြင်းဆိုထားပြီး အခြေခံကျကျ ကွဲပြားမှုတွေ ရှိနေတယ်လို့ အခိုင်အမာ ပြောကြားထားတာပါ။

ဒီရွေးကောက်ပွဲဟာ အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမြင့်ဆုံးမဲအရေအတွက်ကို ရနိုင်ခြေရှိတဲ့ ပါတီတခုတည်း သို့မဟုတ် အစုအဖွဲ့တခုခု မရှိကြတာကြောင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့်ပွဲ ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူတွေနဲ့ သဘောထားစစ်တမ်းတွေက ဆိုပါတယ်။

1 min Ago

November 7, 2022

မလေးရှားအတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင် ရွေးကောက်ပွဲအတွက် မဲဆွယ်

မလေးရှားအတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင်ဟာ နိုင်ငံရဲ့ ထိပ်တန် ဝန်ကြီးချုပ် ရာထူးကို ယူချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း မလေးရှားနိုင်ငံသားတွေ နိုဝင်ဘာ ၁၉ ရက် ရွေးကောက်ပွဲမှာ သူ့ကို မဲပေးဖို့ စည်းရုံးကြိုးပမ်းနေပါတယ်။

“ကျနော် အကောင်းမြင်ပါတယ်” လို့ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အန်နဝါက မလေးရှားနိုင်ငံ အနောက်ဘက်က သူ့မဲဆန္ဒနယ် တမ်ဘွန်းမှာ မဲဆွယ်စည်းရုံးတဲ့ နိုဝင်ဘာ ၄ ရက် မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

အန်နဝါက “အုပ်ချုပ်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အလေးပေးပြီးတော့ ဒီနိုင်ငံမှာ လူမျိုးရေးခွဲခြားမှုနဲ့ ဘာသာရေးအရ တယူသန်မှုကို ဖယ်ရှားဖို့ ကျနော်တို့ ဒီမှာရောက်နေပါတယ်” လို့ ပြောပါတယ်။

သူ့ရဲ့  မဟာမိတ်အဖွဲ့ဟာ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အစ်မေးလ် ဆာဘရီ ယာကွတ်ဘ် ဦးဆောင်တဲ့ ညွန့်ပေါင်း ၂ ခုနဲ့ ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယာဆင် ဦးဆောင်တဲ့ တခြားညွန့်ပေါင်းအဖွဲ့တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင်အဖြစ် ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် အန်နဝါအီဘရာဟင်ဟာ ၂၀၂၀ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာဖို့ နီးစပ်ခဲ့‌ပေမဲ့ သူ့ရဲ့ မဟာမိတ်အဖွဲ့ ပြိုကွဲသွားလို့ ဝန်ကြီးချုပ်ဖြစ်နိုင်တဲ့ အရေးကနေ ဝေးခဲ့ရပါတယ်။

1 day Ago
Up