မလေးရှားအတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင် ရွေးကောက်ပွဲအတွက် မဲဆွယ်

မလေးရှားအတိုက်အခံခေါင်းဆောင် အန်နဝါ အီဘရာဟင်ဟာ နိုင်ငံရဲ့ ထိပ်တန် ဝန်ကြီးချုပ် ရာထူးကို ယူချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း မလေးရှားနိုင်ငံသားတွေ နိုဝင်ဘာ ၁၉ ရက် ရွေးကောက်ပွဲမှာ သူ့ကို မဲပေးဖို့ စည်းရုံးကြိုးပမ်းနေပါတယ်။
“ကျနော် အကောင်းမြင်ပါတယ်” လို့ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အန်နဝါက မလေးရှားနိုင်ငံ အနောက်ဘက်က သူ့မဲဆန္ဒနယ် တမ်ဘွန်းမှာ မဲဆွယ်စည်းရုံးတဲ့ နိုဝင်ဘာ ၄ ရက် မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အန်နဝါက “အုပ်ချုပ်ရေးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အလေးပေးပြီးတော့ ဒီနိုင်ငံမှာ လူမျိုးရေးခွဲခြားမှုနဲ့ ဘာသာရေးအရ တယူသန်မှုကို ဖယ်ရှားဖို့ ကျနော်တို့ ဒီမှာရောက်နေပါတယ်” လို့ ပြောပါတယ်။
သူ့ရဲ့ မဟာမိတ်အဖွဲ့ဟာ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် အစ်မေးလ် ဆာဘရီ ယာကွတ်ဘ် ဦးဆောင်တဲ့ ညွန့်ပေါင်း ၂ ခုနဲ့ ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယာဆင် ဦးဆောင်တဲ့ တခြားညွန့်ပေါင်းအဖွဲ့တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အတိုက်အခံခေါင်းဆောင်အဖြစ် ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် အန်နဝါအီဘရာဟင်ဟာ ၂၀၂၀ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာဖို့ နီးစပ်ခဲ့ပေမဲ့ သူ့ရဲ့ မဟာမိတ်အဖွဲ့ ပြိုကွဲသွားလို့ ဝန်ကြီးချုပ်ဖြစ်နိုင်တဲ့ အရေးကနေ ဝေးခဲ့ရပါတယ်။