ကေအန်ယူ ထိန်းချုပ်ထားတဲ့ နယ်မြေ ၅ ခုမှာ ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲပေါင်း ၂၇၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ နိုဝင်ဘာ ၅ ရက်မှာ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။
ကေအန်ယူ လက်အောက်ခံ တပ်မဟာ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ ထိန်းချုပ်နယ်မြေတွေကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်နဲ့ ကေအန်ယူ လက်အောက်ခံ တပ်ဖွဲ့တွေ တိုက်ပွဲပေါင်း၂၇၅ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့တပ်ဘက်က၂၇၁ ယောက် သေဆုံးပြီး၂၆၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊တပ်မဟာ ၁ နယ်မြေအတွင်း တိုက်ပွဲ ၄၇ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၉၅ ယောက် သေဆုံးကာ အယောက် ၈၀ ဒဏ်ရာရရှိခဲ့ပါတယ်။
တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီရဲ့တပ်ဘက်က အယောက် ၃၀ သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ညောင်လေးပင်ခရိုင်၊ တပ်မဟာ ၃ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၆ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၁၇ ယောက် သေဆုံးပြီး အယောက် ၃၀ ဒဏ်ရာရရှိခဲ့ပါတယ်။
ဖာပွန်(မူတြော်)ခရိုင်၊ တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၂၀၄ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၉၃ ယောက် သေဆုံးပြီး ၉၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကြာအင်းဆိပ်ကြီး(ဒူးပလာယာ)ခရိုင်၊ တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲပေါင်း ၁၃ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၃၆ ယောက် သေဆုံးပြီး ၅၁ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့တပ်ဘက်က တပ်ရင်းမှူး ၁ ယောက် ၊ တပ်ခွဲမှူး ၁ ယောက်၊ ဗိုလ်မှူး ၁ ယောက်၊ ဗိုလ်ကြီး ၂ ယောက်၊ ဗိုလ် ၂ ယောက် အပါအဝင် ၂၇၁ ယောက် သေဆုံးခဲ့သလို ဒု-တပ်ရင်းမှူး ၁ ယောက်၊ ဒု-ဗိုလ်မှူးကြီး ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက် အပါအဝင် ၂၆၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) ဘက်က ၂ ယောက် ကျဆုံးပြီး၊ အယောက် ၂၀ ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလက စတင်ပြီး စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေဟာ အန်စီအေစာချုပ်ကို ချိုးဖောက်ပြီး ကေအန်ယူထိန်းချုပ်နယ်မြေအတွင်းကို ကျူးကျော်ဝင်ရောက်ကာ လူ၊ လက်နက် ခဲယမ်း ဖြည့်တင်းပြီး တပ်စခန်းတည်ဆောက်တာ၊ စစ်ရေးလှုပ်ရှားတာတွေ လုပ်လာတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားနေတာပါ။