ယီမင်နိုင်ငံအတွင်း လူထောင်သောင်းချီ သေဆုံးခဲ့ရပြီး လူသားချင်း စာနာမှု အကျပ်အတည်း ဆိုက်ခဲ့ရတဲ့ ၈ နှစ်ကြာ ပဋိပက္ခကို အဆုံးသတ်ရေး နိုင်ငံတကာ အားထုတ်မှုတွေရဲ့ အစိတ်အပိုင်း အဖြစ် အိုမန်နိုင်ငံက ကိုယ်စားလှယ်တွေ ဧပြီ ၈ ရက်က ယီမင်မြို့တော် စာနာကို ရောက်လာပါတယ်။
ဟူသီ ညှိနှိုင်းရေးမှူး မူဟမ်မဒ် အဗ်ဒူလ် ဆလမ်နဲ့ တခြား မူစကတ် အခြေစိုက် ဟူသီ ကိုယ်စားလှယ်တွေခြံရံထားတဲ့ အိုမန်ကိုယ်စားလှယ်အဖွဲ့ကို အိုမန်လေယာဉ်က သယ်ဆောင်လာတာပါ။
ကုလသမဂ္ဂက ကြားဝင်ဖျန်ဖြေထားပြီး သက်တမ်းကုန်သွားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဆက်နိုင်ဖို့ သူတို့ဟာ ဟူသီ အရာရှိတွေနဲ့ အမြဲတမ်း အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရဖို့ ညှိနှိုင်းနိုင်ရေး မျှော်လင့်ထားတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“ကျနော်တို့ရဲ့ တောင်းဆိုချက်က ရန်လိုတာတွေ လုံးဝရပ်ဖို့၊ အတားအဆီးတွေကို လုံးဝဖယ်ရှားဖို့၊ ယီမယ်ဝန်ထမ်းအားလုံးအတွက် ရေနံနဲ့ ဓာတ်ငွေ့ကနေ ရတဲ့ ငွေတွေနဲ့ လစာပေးဖို့၊ ပြီးတော့ ယီမင်ကနေ နိုင်ငံခြား စစ်တပ်တွေ ထွက်သွားဖို့ လျော်ကြေးကိစ္စတွေနဲ့ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ဖို့ပါပဲ” လို့ အဗ်ဒူလ် ဆလမ်က ပြောခဲ့ပါတယ်။
ဟူသီတွေဟာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရကို ထောက်ခံတဲ့ ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ ညွှန့်ပေါင်းတပ်ကို ၂၀၁၅ တည်းက တိုက်ခိုက်ခဲ့တာပါ။
အရင်လက ဆွစ်ဇာလန်နိုင်ငံက ဆွေးနွေးပွဲတွေကို နိုင်ငံတကာ ကြက်ခြေနီအသင်းနဲ့ ကုလသမဂ္ဂ တို့ တက်ရောက်ခဲ့ပြီး ဆော်ဒီက ကျောထောက်နောက်ခံ ပေးထားတဲ့ ယီမင်အစိုးရနဲ့ ဟူသီတို့က ထိန်းသိမ်းခံ ၈၈၇ ယောက်ကို ပြန်လွှတ်ပေးဖို့ သဘောတူခဲ့ကြပါတယ်။
ဆော်ဒီနဲ့ အီရန်တို့က ဆက်ဆံရေး ပြန်စဖို့ သဘောတူအပြီး တင်းမာမှု လျှော့ချခဲ့သလို ကုလ ငြိမ်းချမ်းရေး အားထုတ်မှုတွေနဲ့အပြိုင် ဟူသီနဲ့ ဆော်ဒီတို့ကြား အိုမန်က ကြားဝင် ဖြန်ဖြေတဲ့ ဆွေးနွေးပွဲတွေ အခြေအနေ တိုးတက်လာခဲ့ပါတယ်။
ကရင်ပြည်နယ်အတွင်းတိုက်ပွဲတွေထပ်မဖြစ်ဖို့ ဒေသတွင်း ညှိနှိုင်းရေးအဖွဲ့တဖွဲ့ ဖွဲ့စည်းလိုက်တဲ့ အကြောင်နဲ့ ဒီအဖွဲ့မှာ ပူးပေါင်းပါဝင်ဖို့ စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ထံ စာရေး အကြောင်းကြားလိုက်ပါတယ်။
ဘားအံမြို့ရှိ ကေအန်ယူဗဟိုနဲ့ တပ်မဟာများဆက်ဆံရေးရုံးကို ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က မတ်လ ၂၃ ရက် ဒီကနေ့ နေ့စွဲနဲ့ စာရေးသားပေးပို့ အကြောင်းကြားလိုက်တာပါ။
ဒီစာမှာတော့ “ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ပြည်နယ်အတွင်း အပစ်အခတ်မဖြစ်ပွာစေရေးအတွက် ဒေသတွင်း ညှိနှိုင်းရေးအဖွဲ့အား ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်လို့ အဆိုပါ ညှိနှိုင်းရေးအဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ ပူးပေါင်းပါဝင်သွာနိုင်ဖို့နဲ့ ပါဝင်နိုင်မယ့် အမည်စာရင်းကို ပြန်လည်တင်ပြပေးဖို့” ပါရှိပါတယ်။
ဒီအခြေအနေ ဒီကာလမှာ အခုလို ညှိနှိုင်းရေးအဖွဲ့ဖို့အကြောင်းကြားလာတာ ဘာမှအဓိပ္ပါယ်မရှိတဲ့ အကြောင်းနဲ့ စစ်ကောင်စီဟာ အပစ်အခတ်ရပ်စဲရေးခေါ်ပြီး တပ်တွေပဲစေလွှတ်နေတာကြောင့် နေရာတကာမှာ တိုက်ပွဲဖြစ်နေလို့ ယုံကြည်စရာအကြောင်းမရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတာနီးက ပြောပါတယ်။
“ အပစ်အခတ်ရပ်စဲရေးဆိုတာ ပါးစပ်နဲ့ ပြောလို့မရဘူး။ လက်တွေ့ပြရတဲ့အနေအထားတွေရှိတယ်။ အပစ်အခတ်ရပ်စဲရေးလုပ်ချင်တဲ့ ဆန္ဒဘာတွေရှိလဲ။ တပ်တွေ ပြန်ရုပ်ပြီလား။ လူတွေသတ်တာဖြတ်တာတွေ ရပ်ပြီလား။ နိုင်ငံရေး သမားတွေ အကုန်လုံးထောင်ထဲ ဖမ်းထားတာတွေ အကုန်လွှတ်ပြီလား ။ တခုမှ မလုပ်သေးဘူး။ အကုန်လုပ်ပြီးမှ အဲဒါကို ပြောလေ။”
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲရှိ စစ်ကောင်စီတပ်စွဲထားတဲ့ မော်ခီးစခန်းကို KNLA-KNDO နဲ့ ပူးပေါင်းတပ်တွေ မတ်လ ၂၁ ရက် က ဝင်ရောက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဘက်က အခုလို ကမ်းလှမ်းချက်ထွက်လာတာဖြစ်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအားလုံး မိမိတို့နေထိုင်ရာဒေသတွေကို ပြန်လည်ထွက်ခွာကြဖို့ ကော့ကရိတ်မြို့နယ် ကေအန်ယူက သတိပေးကြေညာထားပါတယ်။