မကွေးတိုင်း၊ အောင်လံမြို့ရှိ အများပြည်သူတွေ အပန်းဖြေသွားရောက်လေ့ရှိတဲ့ ဧက ၆၀ ဝင်းထဲမှာ ပြသထားတဲ့ တိရစ္ဆာန်တွေ အစာရေစာ ပြတ်လပ်နေတာတွေ့ရတယ်လို့ အဲဒီနေရာကို သွားရောက်ခဲ့သူတွေထံက သိရပါတယ်။
အဲဒီနေရာမှာ အောင်လံမြို့ မဟာသမယကျောင်းဆရာတော်က ဦးဆောင်ပြီး ဘုန်းကြီး ကျောင်းနဲ့ ဓမ္မရိပ်သာဖွင့်ထားတဲ့နေရာဖြစ်သလို အများပြည်သူလည်ပတ်လို့ရအောင် ပန်းခြံတွေ၊ အရုပ်တွေ၊ ထိုင်ခုံရောတွေ အပြင် လာလှူထားကြတဲ့ တိရစ္ဆာန်တွေကိုလည်း ပြသထားတာဖြစ်ပါတယ်။
မြွေတွေဆို ခြံထဲမှာ အစာရေစာပြတ်လပ်ကာ ခြောက်ကပ်ပြားနေပြီး ဒေါင်းခြံထဲမှာလည်း ထမင်းခဲတွေကလွဲလို့ ဘာမှမရှိဘဲ ရေကန်မှာလည်း ခြောက်ကပ်ပြီး ရေ မထည့်တာအတော်ကြာနေလောက်ပြီလို့ မတ်လ ၂၉ ရက် ညနေက သွားရောက်လည်ပတ်ခဲ့တဲ့ ဒေသခံ ပြောပါတယ်။
“ကျနော်တို့ ရောက်သွားတော့ သူတို့တွေရဲ့ကန်ကို ရေဖြည့်တဲ့နေရာမှာ ရေမရှိတာပါပဲ။ ခြံတစ်ခုစီရဲ့နောက်မှာ ပိုက်နဲ့ကျောက်ကန်လေးတွေရှိပေမဲ့၊ ဘယ်ပိုက်မှရေမလာဘူးဖြစ်နေတာ။ ခပ်သုံးရတဲ့ရေကန်တွေတောင် ကုန်သွားလို့ ဘယ်က ရေယူရမှန်းမသိဖြစ်ခဲ့တယ်။ အစားအသောက်ကတော့ ဆရာတော်ကလည်း ကျွေးနေတယ်ပြောတယ်၊ မြွေတွေကိုကျတော့ ကြက်ဥတွေချည်း ကျွေးနေတာလို့ပြောပါတယ်။ အသားလည်းမစားဘူးလို့ ပြောပုံအရဆို မြွေတွေမှာစားချင်စိတ်မရှိတာမျိုးဖြစ်နိုင်ပါတယ်။”
အဲ့ထဲမှာ ဘုန်းကြီးက ဓမ္မာရုံတွေ၊ တရားစခန်းတွေ၊ တဦးချင်းထိုင်တဲ့ တရားဆောင်တွေအပြင် လာလှူတဲ့ တိရစ္ဆာန်တွေကိုလည်း အခန်းလေးတွေနဲ့ ထားရှိတာ ၃ နှစ်လောက်တော့ရှိနေပြီဖြစ်ပါတယ်။
ရွာထောင်မြို့ ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက “ဆရာတော်က မြို့ထဲမှာလည်း စာသင်တိုက်ရှိတော့ ဟိုဖက် သွားလိုက် ဒီဘက်သွားလိုက်နဲ့ တချို့နေရာလေးတွေမှာတော့ လိုအပ်ချက်ရှိတာ ဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
အဆိုပါနေရာဟာ အောင်လံမြို့၊ ရွာထောင်ဘက်ကနေ ၂ မိုင်လောက်အကွာမှာရှိတာဖြစ်ပြီး မြေ ဧက ၆၀ ကို ဒေသခံ ယာသမားမိသားတစုက လှူဒါန်းထားခဲ့တဲ့ နေရာဖြစ်ပါတယ်။
မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ရှိ စခန်းချအပန်းဖြေနေရာတခုမှာ ဒီဇင်ဘာ ၁၆ ရက် အစောပိုင်းက မြေပြိုပြီးနောက် လူနှစ်ယောက်သေဆုံးကာ အယောက် ၅၀ ကျော် ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက အဲဒီစခန်းနေရာကို ထောက်လှမ်း ရှာဖွေနေကြပါတယ်။
မြို့တော်ကွာလာလမ်ပူရဲ့ ဆင်ခြေဖုံးရှိ ဆီလန်ဂေါပြည်နယ်အပိုင်ထဲမှာ အပန်းဖြေစခန်းချတဲ့ တဲစခန်းပစ္စည်းတွေ ပံ့ပိုးပေးတဲ့ လယ်တောအိမ်တလုံးရဲ့ အနီးအနားမှာ မနက် ၃ နာရီလောက်က မြေပြိုကျခဲ့ကြောင်း ပြည်နယ်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြေပြိုမှုမှာ စုစုပေါင်း လူ ၇၉ ယောက် ဘေးဒုက္ခကြုံလိုက်ရပြီး အဲဒီထဲက ၂၃ ယောက်ကို ဘေးကင်းစွာ တွေ့ရှိခဲ့ကြောင်း ဌာနက ပြောပါတယ်။ သေဆုံးသူ နှစ်ယောက် အပြင် ဒဏ်ရာရရှိသူ သုံးယောက် ရှိပြီး ၅၁ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မြေပြိုမှုဟာ စခန်းချနေရာရဲ့ အထက် မီတာ ၃၀ လောက် အမြင့်ကနေ ပြုတ်ကျတာဖြစ်ပြီး ဧရိယာ တဧကလောက်ရှိကြောင်း ပြည်နယ်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ဒါရိုက်တာ နိုရာဇမ် ခါမစ်စ်က ပြောပါတယ်။