close

မလေးရှားတွင် မြေပြိုပြီး လူ ၂ ဦးသေဆုံး၊ ၅၀ ကျော်ပျောက်ဆုံးနေ

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ်ရှိ စခန်းချအပန်းဖြေနေရာတခုမှာ ဒီဇင်ဘာ ၁၆ ရက် အစောပိုင်းက မြေပြိုပြီးနောက် လူနှစ်ယောက်သေဆုံးကာ အယောက် ၅၀ ကျော် ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးဝန်ထမ်းတွေက အဲဒီစခန်းနေရာကို ထောက်လှမ်း ရှာဖွေနေကြပါတယ်။

မြို့တော်ကွာလာလမ်ပူရဲ့ ဆင်ခြေဖုံးရှိ ဆီလန်ဂေါပြည်နယ်အပိုင်ထဲမှာ အပန်းဖြေစခန်းချတဲ့ တဲစခန်းပစ္စည်းတွေ ပံ့ပိုးပေးတဲ့ လယ်တောအိမ်တလုံးရဲ့ အနီးအနားမှာ မနက် ၃ နာရီလောက်က မြေပြိုကျခဲ့ကြောင်း ပြည်နယ်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြေပြိုမှုမှာ စုစုပေါင်း လူ ၇၉ ယောက် ဘေးဒုက္ခကြုံလိုက်ရပြီး အဲဒီထဲက ၂၃ ယောက်ကို ဘေးကင်းစွာ တွေ့ရှိခဲ့ကြောင်း ဌာနက ပြောပါတယ်။ သေဆုံးသူ နှစ်ယောက် အပြင် ဒဏ်ရာရရှိသူ သုံးယောက် ရှိပြီး ၅၁ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြေပြိုမှုဟာ စခန်းချနေရာရဲ့ အထက် မီတာ ၃၀ လောက် အမြင့်ကနေ ပြုတ်ကျတာဖြစ်ပြီး ဧရိယာ တဧကလောက်ရှိကြောင်း ပြည်နယ်မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန ဒါရိုက်တာ နိုရာဇမ် ခါမစ်စ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up