close

အပူလှိုင်းဖြတ်

close

March 20, 2023

သြစတေးလျတွင် အပူလှိုင်းဖြတ်သဖြင့် ငါးကောင်ရေ သန်းချီ သေဆုံး

သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ် မီနင်ဒီမြို့က ဒါလင်ဘာကာမြစ်ထဲမှာ သန်းနဲ့ချီတဲ့ ငါးသေတွေကို မြို့ခံတွေက ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အခုလို ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးမှုဟာ မီနင်ဒီမြို့သမိုင်းမှာတော့ အများဆုံးဖြစ်ပြီး ဒီမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်ကလည်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးပေမဲ့ သေဆုံးတဲ့ ငါးအရေအတွက်က ဒီလောက်တော့ မများခဲ့ဘူးလို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။

ဒေသအာဏာပိုင်တွေရဲ့ အစီရင်ခံစာမှာတော့ အခုလို သေဆုံးတာဟာ ဒါလင်ဘာကာမြစ်ကို သက်ရောက်မှုရှိနေတဲ့ အပူလှိုင်းကြောင့်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

ဒါပေမဲ့ ဒါလင်ဘာကာမြစ်ထဲက ပုပ်ပွနေပြီဖြစ်တဲ့ ငါးတွေကတော့ မြစ်ရေထဲက အောက်ဆီဂျင်ကို ပိုစုပ်ယူပြီး ရှင်ကျန်နေသေးတဲ့ငါးတွေ ထပ်ပြီး သေဆုံးမယ့်အန္တရာယ် ရှိနေတာကြောင့် မီနင်ဒီမြို့က ဒေသခံတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် ဖြစ်စဥ်တွေအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ဒါလင်ဘာကာမြစ်ဟာ သြစတြေးလျနိုင်ငံရဲ့ အကြီးဆုံးမြစ်ဖြစ်တဲ့ မာရေးဒါလင်မြစ်ဝှမ်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေသခံတွေကို ရေပေးဝေတဲ့စနစ်အတွက် ဒါလင်ဘာကာမြစ်ကို အဓိက အားထားနေရတာဖြစ်ပြီး အခုဖြစ်စဥ်ကြောင့် အခြေခံရေသုံးစွဲမှု လိုအပ်ချက်တွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။

နယူးဆောက်ဝေးလ်က အာဏာပိုင်တွေကတော့ ဒီဖြစ်ရပ်အပေါ်မှာ အလျင်အမြန် ပြန်လည်ကုစားဖို့နဲ့ ငါးတွေသေဆုံးမှုရဲ့ အကြောင်းရင်းတွေကို ရှာဖွေဖို့ သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဓာတ်ပုံ - The Guardian

1 hour Ago

January 15, 2022

အာဂျင်တီးနားနှင့် အိမ်နီးချင်းနိုင်ငံတို့တွင် အပူလှိုင်းဖြတ်ပြီး စံချိန်တင် အပူချိန်မြင့်

တောင်အမေရိကတိုက်က အာဂျင်တီးနားနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အပူလှိုင်းဖြတ်ပြီး အပူချိန် စံချိန်တင် မြင့်မားနေပါတယ်။ 

အာဂျင်တီးနား မိုးလေဝသဌာနအရာရှိ ဆင်ဒီဖာနဒန်ဒက်ဇ်က “အာဂျင်တီးနား တနိုင်ငံလုံးနဲ့ ဥရုဂွေး၊ ပါရာဂွေးနဲ့ ဘရာဇီး တောင်ဘက်တွေဟာ သမိုင်းတလျှောက် အပူဆုံးနေ့တွေ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

မြို့အတော်များများမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ကျော်လွန်ပြီး အာဂျင်တီးနားက ၄၅ ဒီဂရီစင်တီဂရိတ် ရှိနေကာ အပူချိန်မြင့်မားမှုနဲ့ လအတန်ကြာ မိုးခေါင်မှုတို့ကြောင့် သီးနှံထွက်နှုန်းတွေ ထိခိုက်နေပါတယ်။

“အာဂျင်တီးနားမှာ ဆိုးဆိုးရွားရွား မိုးခေါင်တာ ဒီနှစ်နဲ့ဆို နှစ်ကြိမ် ရှိပါပြီ။ ကောင်းကင်မှာ မိုးရိပ် မတွေ့ရပါဘူး၊ အဲဒီတော့ မြေကြီးတွေ ကွဲအက် ခြောက်သွေ့နေတယ်။ အာဂျင်တီးနားတနိုင်ငံလုံး ပူအိုက်နေပြီး လေပူတွေပဲ တိုက်တယ်” လို့ မိုးလေဝသအရာရှိ ဖာနန်ဒက်ဇ်က ပြောပါတယ်။

1 year Ago
Up