အာဂျင်တီးနားနှင့် အိမ်နီးချင်းနိုင်ငံတို့တွင် အပူလှိုင်းဖြတ်ပြီး စံချိန်တင် အပူချိန်မြင့်

တောင်အမေရိကတိုက်က အာဂျင်တီးနားနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အပူလှိုင်းဖြတ်ပြီး အပူချိန် စံချိန်တင် မြင့်မားနေပါတယ်။
အာဂျင်တီးနား မိုးလေဝသဌာနအရာရှိ ဆင်ဒီဖာနဒန်ဒက်ဇ်က “အာဂျင်တီးနား တနိုင်ငံလုံးနဲ့ ဥရုဂွေး၊ ပါရာဂွေးနဲ့ ဘရာဇီး တောင်ဘက်တွေဟာ သမိုင်းတလျှောက် အပူဆုံးနေ့တွေ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။
မြို့အတော်များများမှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ကျော်လွန်ပြီး အာဂျင်တီးနားက ၄၅ ဒီဂရီစင်တီဂရိတ် ရှိနေကာ အပူချိန်မြင့်မားမှုနဲ့ လအတန်ကြာ မိုးခေါင်မှုတို့ကြောင့် သီးနှံထွက်နှုန်းတွေ ထိခိုက်နေပါတယ်။
“အာဂျင်တီးနားမှာ ဆိုးဆိုးရွားရွား မိုးခေါင်တာ ဒီနှစ်နဲ့ဆို နှစ်ကြိမ် ရှိပါပြီ။ ကောင်းကင်မှာ မိုးရိပ် မတွေ့ရပါဘူး၊ အဲဒီတော့ မြေကြီးတွေ ကွဲအက် ခြောက်သွေ့နေတယ်။ အာဂျင်တီးနားတနိုင်ငံလုံး ပူအိုက်နေပြီး လေပူတွေပဲ တိုက်တယ်” လို့ မိုးလေဝသအရာရှိ ဖာနန်ဒက်ဇ်က ပြောပါတယ်။