close

အပေါင်ဆိုင်

close

October 20, 2022

မြဝတီမြို့တွင် အပေါင်ဆိုင်ရှေ့ ဗုံးကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်၂ ရပ်ကွက် ပေါင်းစည်းမြိုင်  ၁ လမ်းရှိ ပစ္စည်းအပေါင်ဆိုင်တဆိုင်ရှေ့မှာ အောက်တိုဘာ ၂၀ ရက် မနက် ၇ နာရီလောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

ပစ္စည်းအပေါင်ဆိုင်ရှေ့မှာ အောက်တိုဘာ ၁၉ ရက်က ဆိုင်ကယ် တစီးလာရပ်ထားပြီး နောက်တနေ့ မနက် ၇ နာရီလောက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ရှေ့ ရပ်ထားတဲ့ ဆိုင်ကယ် ၂ စီးနဲ့ ဗုံးထောင်ထားတဲ့ ဆိုင်ကယ်အပါအဝင်  ၃ စီး ပျက်စီးသွားပြီး ဆိုင်တံခါးနဲ့ တခြားပစ္စည်းတွေလည်း အနည်းငယ်ပျက်စီးသွားကာ လူထိခိုက် သေဆုံးဒဏ်ရာရတာတော့ မရှိဘူးလို့  မြဝတီမြို့ခံတယောက်က ပြောပါတယ်။

အခုရက်ပိုင်း မြဝတီမြို့နယ်မှာ  မကြာခဏမိုင်းပေါက်ကွဲတာရှိနေသလို စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းကို ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ဖြတ်သန်းသွားလာခွင့် ရက်အကန့်သတ်မရှိပိတ်ထားတဲ့အတွက် ခရီးသည်တွေနဲ့ ယာဉ်တွေ လမ်းမှာ ပိတ်မိပြီး သောင်တင်နေပါတယ်။

မဖြစ်မနေအရေးပေါ် ခရီးသွားဖို့လိုနေသူတွေကတော့ မြဝတီမြို့မြောက်ဘက်  ထို့ကော်ကိုး မြေနီလမ်းကနေ ဖြတ်သန်းသွားလာတာရှိတယ်လို့   ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေထံက သိရပါတယ်။

11 mins Ago

January 26, 2022

မြစ်ကြီးနားပစ်ခတ်မှု ရဲတပ်ဖွဲ့ဝင်အပါအဝင် ၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်မှာ ဇန်နဝါရီလ ၂၄ ရက် မွန်းလွဲပိုင်းက  ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ  ရဲတပ်ဖွဲ့ဝင်အပါအဝင် ၂ ယောက်ကျည်ဆန်ထိမှန် ဒဏ်ရာရသွားတယ်လို့  ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ 

အဆိုပါရပ်ကွက်မှာရှိတဲ့ အပေါင်ဆိုင်မှာ အမျိုးသားတစ်ယောက်က ရွှေလာပေါင်ရာမှာ ပေါင်တဲ့ရွှေက အတုဖြစ်နေတဲ့အတွက် ဆိုင်ပိုင်ရှင်က ကေအိုင်အိုကို တိုင်ကြားခဲ့သလို လာရောက်ပေါင်နှံသူကလည်း ရဲကို တိုင်ကြားခဲ့ပြီးတဲ့နောက်မှာတော့ ဆိုင်ကယ် ၃ စီးနဲ့ လူငယ် ၆ ယောက်ရောက်လာပြီး ဆိုင်ရှေ့မှာရှိတဲ့ ရဲအစောင့်တွေကို လာရောက်ပစ်ခတ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အဆိုပါ ပစ်ခတ်မှုမှာ ဆိုင်ရှင်ကိုလည်း ကျည်ဆန်ထိမှန်ခဲ့သလို ရဲတယောက်ရဲ့ ဝမ်းဗိုက်မှာလည်း ကျည်ဆန်ထိမှန်သွားပြီး လာရောက်ပစ်ခတ်ခဲ့တဲ့ လူငယ် ၆ ယောက်ကတော့ လွတ်မြောက်သွားခဲ့ပါတယ်။ 

အဲဒီလိုပစ်ခတ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရောက်ရှိလာပြီး သေနတ်နဲ့ ရမ်းသန်းပစ်ဖောက်မှုတွေပြုလုပ်ခဲ့ကာ အဆိုပါလမ်းပေါ်မှာ ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက်မှာတော့ စစ်သား ၆၀ လောက်က အဆိုပါ အပေါင်ဆိုင်ထဲကို ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်ရှေ့တံခါးအနီးမှာ ပစ္စတိုသေနတ်တစ်လက်တွေ့ရှိခဲ့ပြီး ဆိုင်ရှင်ရဲ့သမီးဖြစ်သူကလည်း CDM ဝန်ထမ်းဖြစ်တဲ့အတွက် သမီးဖြစ်သူအပါအဝင်မိသားစုတွေကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ 

အဆိုပါပစ်ခတ်မှုမှာ ဒဏ်ရာရသွားတဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မှာ ဇန်နဝါရီ ၂၄ ရက်မှာပဲ  ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

9 months Ago
Up