close

မြဝတီမြို့တွင် အပေါင်ဆိုင်ရှေ့ ဗုံးကွဲ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်၂ ရပ်ကွက် ပေါင်းစည်းမြိုင်  ၁ လမ်းရှိ ပစ္စည်းအပေါင်ဆိုင်တဆိုင်ရှေ့မှာ အောက်တိုဘာ ၂၀ ရက် မနက် ၇ နာရီလောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။

ပစ္စည်းအပေါင်ဆိုင်ရှေ့မှာ အောက်တိုဘာ ၁၉ ရက်က ဆိုင်ကယ် တစီးလာရပ်ထားပြီး နောက်တနေ့ မနက် ၇ နာရီလောက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ရှေ့ ရပ်ထားတဲ့ ဆိုင်ကယ် ၂ စီးနဲ့ ဗုံးထောင်ထားတဲ့ ဆိုင်ကယ်အပါအဝင်  ၃ စီး ပျက်စီးသွားပြီး ဆိုင်တံခါးနဲ့ တခြားပစ္စည်းတွေလည်း အနည်းငယ်ပျက်စီးသွားကာ လူထိခိုက် သေဆုံးဒဏ်ရာရတာတော့ မရှိဘူးလို့  မြဝတီမြို့ခံတယောက်က ပြောပါတယ်။

အခုရက်ပိုင်း မြဝတီမြို့နယ်မှာ  မကြာခဏမိုင်းပေါက်ကွဲတာရှိနေသလို စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းကို ခရီးသည်တင်ကားနဲ့ ကုန်တင်ကားတွေ ဖြတ်သန်းသွားလာခွင့် ရက်အကန့်သတ်မရှိပိတ်ထားတဲ့အတွက် ခရီးသည်တွေနဲ့ ယာဉ်တွေ လမ်းမှာ ပိတ်မိပြီး သောင်တင်နေပါတယ်။

မဖြစ်မနေအရေးပေါ် ခရီးသွားဖို့လိုနေသူတွေကတော့ မြဝတီမြို့မြောက်ဘက်  ထို့ကော်ကိုး မြေနီလမ်းကနေ ဖြတ်သန်းသွားလာတာရှိတယ်လို့   ယာဉ်မောင်းတွေနဲ့ ခရီးသွားတွေထံက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up