ရုရှားနိုင်ငံတောင်ပိုင်းက နယ်စပ်ဖြတ်ကျော်ဒေသတခုမှာ ယူကရိန်း ကျောထောက်နောက်ခံ အမျိုးသားရေးဝါဒီတွေရဲ့ ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ရပြီး တရက်အကြာမှာပဲ နောက်ထပ် နယ်စပ်ကျူးကျော်မှုတွေကို တားဆီးမယ့်အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ မတ် ၃ ရက်မှာ ရုရှားဘက်က ပြောလာပါတယ်။
သမ္မတ ဗလာဒီမာပူတင်ကတော့ ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရုရှားနိုင်ငံတောင်ပိုင်း ဘရိုင်ယန့်စ်ခ်ဒေသမှာ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတယ်လို့ မတ် ၂ ရက်က ပြောပါတယ်။
ဒါဟာ ယူကရိန်းအကြမ်းဖက်အဖွဲ့တခုက အရပ်သားတွေကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပူတင်က မှတ်ချက်ပေးတဲ့အပြင် ဒီအဖွဲ့ကို ချေမှုန်းပစ်ဖို့ ကတိပြုတယ်လို့လည်း ဆိုပါတယ်။
ယူကရိန်းသမ္မတအကြံပေးတဦးကတော့ ဒီဖြစ်ရပ်ဟာ ရုရှားက မှားယွင်းတဲ့ရန်စမှုတခုအဖြစ် ဇာတ်လမ်းဆင်ထားတာသာဖြစ်ပြီး ယူကရိန်းအပေါ် ကျူးကျော်မှုဟာ တရားမျှတကြောင်း ပြသလိုတာသာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်ကတော့ နောင်အနာဂတ်မှာ အလားတူဖြစ်ရပ်တွေကို တားဆီးနိုင်ဖို့အတွက် နယ်စပ်ဒေသကာကွယ်ရေး ဆိုင်ရာ အစီအစဉ် တွေကို ဖြည့်စွက်လုပ်ဆောင်သွားမှာဖြစ်သလို ဒီအကြမ်းဖက်တိုက်ခိုက်မှုကိုလည်း စုံစမ်းစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
မတ် ၂ ရက် ဒီဖြစ်ရပ်အတွင်း ပစ်ခတ်ခံထားရတဲ့ ကားနှစ်စီးနဲ့ အတူ အထဲမှာ ယာဉ်မောင်းတွေ လဲကျသေဆုံးနေတဲ့ ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတွေကို ရုရှားဖက်ဒရယ် လုံခြုံရေးဌာန (FSB) က ထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ပူတင်က ရုရှားလုံခြုံရေးကောင်စီ ပုံမှန်အစည်းအဝေးတခုကို မတ် ၃ ရက် နှောင်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ ဒွန်းနက်စ်ခ်နယ်မြေရှိ အကျဉ်းထောင်တစ်ခုမှာ အကျဉ်းသား ဒါဇင်ပေါင်းများစွာ သေဆုံးမှုဟာ ရုရှားအစိုးရပံ့ပိုးကူညီတဲ့ အကြမ်းဖက်ဝါဒ ဆိုတာကို ရှင်းရှင်းလင်းလင်း ပြလိုက်တာပဲလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်စကီးက ဇူလိုင် ၂၉ ရက်က ပြောပါတယ်။
ဒုံးကျည်တိုက်ခိုက်မှု ဒါမှမဟုတ် ပေါက်ကွဲမှုကြောင့် အကျဉ်းထောင် အဆောက်အအုံ ပျက်စီးသွားခဲ့ရာမှာ ယူကရိန်း စစ်သုံ့ပန်း ဒါဇင်ပေါင်းများစွာသေဆုံးခဲ့တဲ့ ဒီဖြစ်ရပ်ကို မော်စကိုနဲ့ ကိယက်ဗ်တို့က တဖက်နဲ့တဖက် တာဝန်ရှိတယ်လို့ အပြန်အလှန်စွပ်စွဲနေကြတာပါ။
မော်စကို-ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်တွေ ထိန်းချုပ်ထားတဲ့ ရှေ့တန်းမြို့ အိုလီနိဗ်ကာရှိ အကျဉ်းထောင်မှာ အကျဉ်းသား ၄၀ သေဆုံးပြီး ၇၅ ဦး ဒဏ်ရာရခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ခွဲထွက်ရေးသမားတွေရဲ့ ပြောရေးဆိုခွင့်ရှိသူက သေဆုံးသူ ၅၃ ဦးရှိပြီး ကိယက်ဗ်က အကျဉ်းထောင်ကို အမေရိကန်လုပ် HIMARS ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲခဲ့ပါတယ်။
ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုထားပြီး ရုရှားဟာ အကျဉ်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုကို ဖုံးကွယ်ဖို့အတွက် ရုရှားအမြောက်တပ်က အကျဉ်းထောင်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က လူအသေအပျောက်များတဲ့ တိုက်ခိုက်မှု ဖြစ်ပွားရာနေရာကို ဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ ကမ်းလှမ်းထားကြောင်း ပြောကြားခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲဂျိုးစက်ဘော်ရဲယ်ကလည်း ရုရှားစစ်တပ်နဲ့ ယူကရိန်းရှိ သူတို့ကိုယ်စားလှယ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရှုတ်ချခဲ့ပါတယ်။