close

အဘွားအို

close

March 6, 2023

ရေးမြို့နယ်၌ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အသက် ၈၀ အရွယ် အဘွားအို ၁ ဦး ထိမှန် သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ အောင်သာယာကျေးရွာမှာ မတ် ၅ ရက် အသက် ၈၀ အရွယ် အဘွားအိုတဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရလို့ လမိုင်းဆေးရုံကနေ မော်လမြိုင်မြို့ဆေးရုံကို ပို့ဆောင်စဉ်လမ်းမှာ သေဆုံးခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

မနေ့ နေ့လယ် ၂ နာရီခွဲလောက်က  စစ်ကောင်စီ အမြောက်တပ် ၃၁၇ ကနေ လက်နက်ကြီး ၂လုံး ပစ်ခဲ့တာမှာ ဒေသခံတဦးဖြစ်တဲ့ အဘွားဒေါ်ထို့မူးရဲ့ ဗိုက်ကိုကျည်စထိမှန်ပြီး အောင်သာယာ ဘုန်းကြီးကျောင်း ခေါင်မိုးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို ဒေသခံက ပြောပါတယ်။

ဒဏ်ရာရပြင်းထန်ရသွားတဲ့ အဘွားအိုကို လမိုင်းဆေးရုံ ကနေရွှေဟင်္သာလူမှုကူညီရေးအသင်း နဲ့ TPR Rescue သောင်ပြင်ကယ်ဆယ်ရေးအသင်းတို့ပူးပေါင်းပြီး  မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်စဥ်လမ်းမှာ သေဆုံးခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။

အခုလိုစစ်ကောင်စီတပ်ဘက်က ပြည်သူတွေအပေါ်မှာ မတရားဖမ်းဆီးတာတွေ သတ်ဖြတ်တာလုပ်နေတာကြောင့် အသွားလာတွေ သတိရှိကြဖို့ ရေးမြောက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ရေးမြို့နယ် မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြားမှာ ပစ်ခတ်မှုတွေ မကြာခဏရှိနေရာမှာ စစ်ကောင်စီတပ်ဘက်ကအထိနာ အကျဆုံးတွေများပြားလာတာနဲ့အမျှ လက်နက်ကြီးတွေနဲ့ပစ်ခဲ့တာကြောင့် ထိခိုက်သေဆုံးခဲ့တဲ့ပြည်သူတွေ မနေ့ကအထိ အနည်းဆုံး ၅ ယောက်ရှိခဲ့ပါတယ်။

မွန်ပြည်နယ် ကျိုက်ထိုမြို့၊ ဘိုက္ကားကျေးရွာမှာလည်း  KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မတ် ၃ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က ထိခိုက်သေဆုံးမှု တွေရှိခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။

ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့  KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး  စစ်တပ်က သေဆုံးတာနဲ့ ထိခိုက်တာတွေ ရှိပေမဲ့ ပူးပေါင်းအဖွဲ့က တယောက်သာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။  

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ကျိုက်ထိုမြို့၊ အင်္ဂဘိုရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦး သေ ၂ ဦးဒဏ်ရာ ရခဲ့ပါတယ်။

10 mins Ago

August 27, 2022

မောင်တောမြောက်ပိုင်း မင်းကြီးရွာဘက် လက်နက်ကြီးကျသဖြင့် အဘွားအိုတဦး သေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းကြီးကျေးရွာမှ အသက် ၆၂ အရွယ်အဘွားအို တယောက် သြဂုတ် ၂၇ ရက် မနက် ၇ နာရီကျော်က နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၇) မှ ပစ်လိုက်တဲ့  လက်နက်ကြီးထိပြီး သေဆုံးသွားတယ်လို့ မင်းကြီးကျေးရွာခံတွေက ပြောပါတယ်။

ကြိမ်ချောင်ကျေးရွာအနီး နခခ (၇) မှပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၂  အရွယ် ဒေါ်မေသာစိန် သေဆုံးသွားတာလို့ ဆိုပါတယ်။

ရွာသားတဦးက  "နခခ(၇)က ပစ်လိုက်တဲ့ လက်နက်ကြီးက ရွာအနောက်ဘက် တောင်ကုန်းမှာ ကျပြီး ပေါက်ကွဲတာ။ အဘွားကြီးက လမ်းမှာ။ လက်နက်ကြီးစ ထိပြီး သေသွားတယ်” လို့ ပြောပါတယ်။

သြဂုတ် ၂၆ ရက် ညနေ ၃ နာရီကျော်က မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ဗျူဟာကုန်းကို ရက္ခိုင်တပ်တော်(အေအေ)က ဝင်တိုက်ပြီးနောက် ကြိမ်ချောင်ကျေးရွာအနီး တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေတာပါ။

အဲဒီကြိမ်ချောင်းရွာနားကနေ နခခ(၇) က မောင်တောမြောက်ပိုင်းကျေးရွာတွေဆီ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေ​တာကြောင့် ကျေးရွာ အများစုက ပြည်သူတွေ ထွက်ပြေးနေကြ ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲနဲ့အတူ လက်နက်တွေ ပစ်ခတ်နေတာကြောင့် ခမောင်းဆိပ်၊ မင်းခမောက်၊ လေးမြို့ကေဒီ၊ သင်ကိုင်ညှာ စတဲ့ရွာတွေက ဒေသခံတွေဟာ နန်ရာကိုင်းရွာကို ထွက်ပြေးခိုလှုံနေရတယ်လို့ သိရပါတယ်။

6 months Ago
Up