close

မောင်တောမြောက်ပိုင်း မင်းကြီးရွာဘက် လက်နက်ကြီးကျသဖြင့် အဘွားအိုတဦး သေဆုံး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း မင်းကြီးကျေးရွာမှ အသက် ၆၂ အရွယ်အဘွားအို တယောက် သြဂုတ် ၂၇ ရက် မနက် ၇ နာရီကျော်က နယ်ခြားစောင့်တပ်ဖွဲ့ခွဲ(နခခ-၇) မှ ပစ်လိုက်တဲ့  လက်နက်ကြီးထိပြီး သေဆုံးသွားတယ်လို့ မင်းကြီးကျေးရွာခံတွေက ပြောပါတယ်။

ကြိမ်ချောင်ကျေးရွာအနီး နခခ (၇) မှပစ်လိုက်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၂  အရွယ် ဒေါ်မေသာစိန် သေဆုံးသွားတာလို့ ဆိုပါတယ်။

ရွာသားတဦးက  "နခခ(၇)က ပစ်လိုက်တဲ့ လက်နက်ကြီးက ရွာအနောက်ဘက် တောင်ကုန်းမှာ ကျပြီး ပေါက်ကွဲတာ။ အဘွားကြီးက လမ်းမှာ။ လက်နက်ကြီးစ ထိပြီး သေသွားတယ်” လို့ ပြောပါတယ်။

သြဂုတ် ၂၆ ရက် ညနေ ၃ နာရီကျော်က မောင်တောမြောက်ပိုင်း ခမောင်းဆိပ်ဗျူဟာကုန်းကို ရက္ခိုင်တပ်တော်(အေအေ)က ဝင်တိုက်ပြီးနောက် ကြိမ်ချောင်ကျေးရွာအနီး တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေတာပါ။

အဲဒီကြိမ်ချောင်းရွာနားကနေ နခခ(၇) က မောင်တောမြောက်ပိုင်းကျေးရွာတွေဆီ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်နေ​တာကြောင့် ကျေးရွာ အများစုက ပြည်သူတွေ ထွက်ပြေးနေကြ ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲနဲ့အတူ လက်နက်တွေ ပစ်ခတ်နေတာကြောင့် ခမောင်းဆိပ်၊ မင်းခမောက်၊ လေးမြို့ကေဒီ၊ သင်ကိုင်ညှာ စတဲ့ရွာတွေက ဒေသခံတွေဟာ နန်ရာကိုင်းရွာကို ထွက်ပြေးခိုလှုံနေရတယ်လို့ သိရပါတယ်။

//
Up