close

အမေများနေ့

close

May 11, 2022

မက္ကဆီကိုတွင် သားသမီး ပျောက်ဆုံးမှုကြောင့် ပူဆွေးနေသည့် မိခင်များ စုပေါင်းဆန္ဒပြ

မက္ကဆီနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ မေ ၁၀ ရက်က သားသမီးတွေ ပျောက်ဆုံးနေတဲ့ မိခင်တွေ စုရုံးဆန္ဒပြကြပါတယ်။

သားသမီးတွေ ပျောက်ဆုံးလို့ ပူဆွေးနေတဲ့ မိခင်တွေ စုပေါင်းပြီး အမေများနေ့မှာ သူတို့ဆန္ဒကို ထုတ်ဖော်ပြသကြတာပါ။

မက္ကဆီကိုမှာ နှစ်စဉ် လူထောင်ချီ ပျောက်ဆုံးနေပေမဲ့ အစိုးရက ဖိဖိစီးစီး ရှာဖွေတာ၊ ဒီပြဿနာကို ထိထိရောက်ရောက် အရေးယူ ကိုင်တွယ်တာ မရှိတဲ့အတွက် လူပျောက်မှုတွေ နှစ်စဉ် တိုးလာတာပါ။

"ဒီနိုင်ငံမှာလည်း စစ်ဖြစ်နေတာပဲ၊ တခုပဲရှိတာက သေသွားတဲ့လူတွေက စစ်သားတွေ၊ ရဲတွေ၊ အစိုးရဝန်ထမ်းတွေ မဟုတ်ဘဲ ရိုးရိုးသာမန်လူတွေပါ။ သူတို့ လမ်းပေါ်ထွက်သွားရင် အိမ်ပြန်လာနိုင်မလားဆိုတာ ဘယ်သူမှ မသိပါဘူး" လို့ နော်မာ အန်ဒရာဒီက ပြောပါတယ်။

အန်ဒရာဒီရဲ့သမီးဖြစ်တဲ့ ဂါစီယာဟာလည်း ၂၀၀၁ ခုနှစ်ကတည်းက ပျောက်ဆုံးသွားတာ သဲလွန်စ ပြန်မရတော့ပါဘူး။

မေ ၁၀ ရက်ဟာ မက္ကဆီနိုင်ငံမှာလည်း အမေများနေ့အဖြစ် သတ်မှတ်ထားပြီး သားသမီးတွေ ပျောက်ဆုံးနေတဲ့ မိခင်တွေအတွက်တော့ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ အစိုးရအပေါ် ဒေါသထွက်ရတဲ့ နေ့တနေ့လို့ ဆိုရပါမယ်။

နှစ်စဉ် အမေများနေ့ရောက်တိုင်း မြို့တော် မက္ကဆီကိုစီးတီးမှာ မိခင်တွေ ချီတက်ဆန္ဒပြပြီး ပျောက်ဆုံးနေတဲ့ သူတို့သားတွေ သမီးတွေကို ရှာဖွေပေးဖို့ တောင်းဆိုလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို အစိုးရကလည်း အရေးတယူ ဆောင်ရွက်တာမျိုး မရှိခဲ့ပါဘူး။

မကျေမနပ်ဖြစ်နေတဲ့ မိခင်တွေကတော့ တိုင်းပြည်ထဲမှာ အကြမ်းဖက်မှုတွေ လျှော့ချရေး၊ လူပျောက်မှုတွေအပေါ် အစိုးရက ပိုပြီး တာဝန်ယူလာအောင် ဆက်ပြီး တောင်းဆို တိုက်ပွဲဝင်သွားမယ်လို့ ကတိပြုကြပါတယ်။

11 mins Ago

May 4, 2020

အမေများနေ့တွင် မိခင်အတွက် ရော်နယ်ဒို မာစီဒီးကား လက်ဆောင်ပေး 

ဂျူဗင်တပ်စ် တိုက်စစ်မှူးစီရော်နယ်ဒိုဟာ  အမေများနေ့အထိမ်းအမှတ်အဖြစ် မိခင်ဖြစ်သူကို မာစီဒီး ကားသစ်တစ်စီး လက်ဆောင်ပေးခဲ့ပါတယ်။  နိုင်ငံအများစုမှာတော့ အမေများနေ့ကို မေ ၁၀ ရက်နေ့အဖြစ် သတ်မှတ်ထားပေမယ့် ပေါ်တူဂီနိုင်ငံမှာတော့ မေလပထမပတ်ရဲ့ တနင်္ဂနွေနေ့ဖြစ်တဲ့ မေ ၃ ရက်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။  ရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံရဲ့ အမေများနေ့မှာ အသက် ၆၅ နှစ်အရွယ်မိခင်ဖြစ်သူ မာရီယာဒိုလော်ရက်စ်ကို ကားသစ်တစ်စီးနဲ့ ပန်းစည်း လက်ဆောင်ပေးခဲ့ပါတယ်။  ရော်နယ်ဒိုရဲ့မိခင် မာရီယာဟာ ပြီးခဲ့တဲ့မတ်လတုန်းက လေဖြတ်ဝေဒနာ ခံစားခဲ့ရတာကြောင့် ဆေးရုံတက်ပြီး ကုသခဲ့ရဖူးပါတယ်။  မာရီယာကတော့ သားဖြစ်သူ ရော်နယ်ဒိုက မားစီးဒီးကားသစ်တစ်စီး လက်ဆောင်ပေးခဲ့ပုံကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာလည်း တင်ခဲ့ပြီး ကျေးဇူးတင်ကြောင်းလည်း ရေးခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ သူ့ရဲ့ချစ်သူ ဂျော့ဂျီနာရိုဒရီဂွက်ဇ်နဲ့ မိခင်ဖြစ်သူမာရီယာတို့ဟာ ထူးခြားတဲ့ မိခင် ၂ ဦး ဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အမေများနေ့ဖြစ်ပါစေလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ဆုတောင်းပေးခဲ့ပါတယ်။  စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်း ဆုဖလားရယူစဉ်ကလည်း သူ့ရဲ့ မိခင်ဖြစ်သူ မာရီယာကို ကွင်းထဲအထိခေါ်ပြီး အတူအောင်ပွဲခံခဲ့ပါတယ်။ 
2 years Ago
Up