မြောက်ကိုရီးယားရဲ့ အရင်နေ့က တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် B-1B ဗုံးကြဲ လေယာဉ်နှစ်စီအား ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဖို့ ကိုရီးယား ကျွန်းဆွယ်ကို နေရာပြန်ချထားကြောင်း တောင်ကိုရီးယားစစ်တပ်က နိုဝင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာကြောင့် တောင်ကိုရီးယား F-35A တိုက်လေယာဉ်တွေနဲ့ အမေရိကန် F-16 ဂျက်လေယာဉ်တွေဟာ B-1B ဗုံးကြဲလေယာဉ်တွေကို ဝန်းရံပျံသန်းနေတဲ့ ဗွီဒီယိုကို စစ်တပ်က ပေးပို့လာပြီး၊ ရိုက်တာအနေနဲ့ ဒီဗွီဒီယိုကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ခြင်း မရှိပါဘူး။
စစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာ ၁၉ ရက် ပြုလုပ်ခဲ့ကြောင်း စစ်တပ်က ပြောကြားခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်ပြည်ထောင်စုဆီက တားဆီးဟန့်တားမှုဆိုင်ရာ ပစ္စည်းတွေကို ခပ်မြန်မြန် နေရာချအသုံးပြုနိုင်မယ့် သူတို့ရဲ့စွမ်းရည်ကို မြှင့်တင်ဖို့ ရည်ရွယ်ထားတယ်လို့ စစ်တပ်က ပြောပါတယ်။
သြစတြေးလျနိုင်ငံမြောက်ပိုင်းက လေတပ်စခန်းတခုမှာ အမေရိကန်က နျူးကလီးယားဗုံးတွေ ကြဲချနိုင်စွမ်းရှိတဲ့ B-52 ဗုံးကြဲလေယာဉ် ခြောက်စင်းအထိ တပ်ချထားမယ့် အစီအစဉ်ဟာ ဒေသတွင်း လက်နက်အပြိုင်အဆိုင် ဖြစ်လာနိုင်တယ်လို့ တရုတ်က အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။
ဗုံးကြဲလေယာဉ်တွေအတွက် သီးသန့်အဆောက်အအုံတွေကို ဩစတေြးလျနိုင်ငံ မြောက်ပိုင်း နယ်မြေ မြို့တော် ဒါဝင်မြို့ရဲ့ တောင်ဘက် မိုင် ၁၉၀ လောက်မှာရှိတဲ့ ဝေးလံသီခေါင်တဲ့ နေရာက တော်ဝင်သြစတြေးလျလေတပ်ရဲ့ အဝေးထိန်းတပ်စခန်းဖြစ်တဲ့ တင်ဒယ်လ်စခန်းမှာ ထားမယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။
အောက်တိုဘာ ၃၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးဖို့ တောင်းဆိုတဲ့အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက နိုင်ငံတွေကြား ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဟာ တတိယနိုင်ငံတွေကို ပစ်မှတ်မထားသင့်ဘူးလို့ ပြောပါတယ်။
စစ်အေးခေတ်ဟောင်းစိတ်ဓာတ်နဲ့ ကျဉ်းမြောင်းတဲ့ ပထဝီဝင်နိုင်ငံရေး အယူအဆတွေကို စွန့်လွှတ်ဖို့နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အထောက်အကူပြုဖို့၊ အပြန်အလှန် ယုံကြည်မှုမြှင့်တင်ဖို့ တရုတ်က သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းတယ်လို့လည်း ကျောက်လိကျန်းက ပြောပါတယ်။