အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းမှာ ဖေဖော်ဝါရီ ၄ ရက်က သံသယဖြစ်စရာ တရုတ်သူလျှို မီးပုံးပျံကို အမေရိကန်စစ်တပ်ရဲ့ တိုက်လေယာဉ်က ပစ်ချလိုက်ပါတယ်။
အရင်အပတ်က ဒီမီးပုံးပျံ အမေရိကန်လေပိုင်နက်ထဲ ဝင်လာခဲ့အပြီး သူလျှိုဆိုင်ရာ စွန့်စားခန်း ဝတ္ထုရှည်လို အများပြည်သူကြားမှာ ထင်မှတ် ပြောဆိုခဲ့ကြသလို အမေရိကန် တရုတ် ဆက်ဆံရေးလည်း ပိုဆိုးလာခဲ့တာပါ။
မီးပုံးပျံကို ဖြုတ်ချဖို့ ဖေဖော်ဝါရီ ၁ ရက်မှာ အမိန့် ထုတ်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ပြောပေမဲ့ မြေပြင်ပေါ်ကလူတွေထိခိုက်နိုင်တာကြောင့် မီးပုံးပျံဟင်းလင်းပြင် ရေပြင်ပေါ်ရောက်တဲ့ အချိန်အထိ စောင့်ဆိုင်းဖို့ ပင်တဂွန်စစ်ဌာနချုပ်က အကြံပြုခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း တိုက်လေယာဉ်နဲ့ ဆီဖြည့်လေယာဉ် အများအပြား ပါဝင်ခဲ့ပေမဲ့ F-22 တိုက်လေယာဉ် တစ်စီးတည်းကသာ AIM-9X ဒုံးကျည် တစ်စင်းကို အသုံးပြု ပစ်ချခဲ့တယ်လို့ အမေရိကန် စစ်ဘက်အကြီးတန်း အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
ဒီ မီးပုံးပျံဟာ အမေရိကန်ကမ်းရိုးတန်းကနေ ရေမိုင် ခြောက်မိုင်အကွာမှာ ပစ်ချခံခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
တောင်ကယ်ရိုလိုင်းနား လေဆိပ် ၃ ခုဖြစ်တဲ့ ဝယ်လ်မင်တန်၊ မီယာတယ်ဘိချ်နဲ့ ချာလက်စ်တွန်တို့ လေယာဉ်အတက်အဆင်း လုပ်တာတွေ ခဏရပ်ထားဖို့ အမေရိကန်အစိုးရက အမိန့်ထုတ်အပြီး မကြာခင်မှာပဲ အခုလို ပစ်ချခဲ့တာပါ။ လေကြောင်းခရီးစဉ်တွေကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲပိုင်းမှာ ပြန်စခဲ့ပါတယ်။
ဒီမီးပုံးပျံဟာ ဇန်နဝါရီ ၂၈ ရက်မှာ အမေရိကန်ရဲ့ သတ်မှတ်ဇုန်ထဲကို ပထမဆုံး ဝင်ရောက်ခဲ့ပြီး သုံးရက်အကြာမှာ ကနေဒါ လေပိုင်နက်ထဲ ရောက်ခဲ့တာပါ။
အဲဒီနောက် ဇန်နဝါရီ ၃၁ ရက်မှာ အမေရိကန် လေပိုင်နက်ထဲ ပြန်ဝင်လာခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေး အရာရှိတစ်ဦးက ပြောပါတယ်။
အမေရိကန် တာဝန်ရှိသူတွေက မီးပုံးပျံ ရောက်နေတဲ့အကြောင်း ဖေဖော်ဝါရီ ၂ ရက်မှာ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။
အမေရိကန် လေပိုင်နက်အတွင်းကို အရပ်ဘက်သုံး လေသင်္ဘောတစ်စီး မရည်ရွယ်ဘဲ ရောက်ရှိခဲ့ခြင်းမှာ ကြိုတင်သိရှိ ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ အခြေအနေတရပ်ကြောင့်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂၄ ရက်မှာ အတည်ပြု ပြောဆိုပါတယ်။
ဒီလေသင်္ဘောဟာ တရုတ်နိုင်ငံမှဖြစ်ပြီး ဒါကို သုတေသနအတွက် အဓိကအားဖြင့် မိုးလေဝသဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးပြုတဲ့ အရပ်ဘက်သုံး လေသင်္ဘောဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အနောက်ဘက်မှ တိုက်ခတ်တဲ့ လေပြင်းတွေနဲ့ အကန့်အသတ် ရှိတဲ့ ပဲ့ကိုင်ထိန်းချုပ်နိုင်စွမ်းတွေ ကြောင့် အဲဒီလေသင်္ဘောဟာ သူ့ရဲ့စီစဉ်ထားတဲ့ လမ်းကြောင်းကနေ ဝေးကွာသွားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူအရ သိရပါတယ်။
အရေးပေါ်အခြေအနေကြောင့် အမေရိကန် လေပိုင်နက်အတွင်းသို့ မရည်ရွယ်ဘဲ လေသင်္ဘော ဝင်ရောက်မှုအပေါ် တရုတ်ဘက်မှ နောင်တရရှိကြောင်းနဲ့ တရုတ်ဘက်ကတော့ အမေရိကန်နဲ့ အဆက်အသွယ် ဆက်လုပ်သွားမှာဖြစ်ပြီး ကြိုမသိလိုက်ဘဲ ထိန်းချုပ်မရတဲ့ အင်အားကြီးတခု ကြောင့် ဒီမမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကို စနစ်တကျ ကိုင်တွယ်သွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။