မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာ ပိတ်ဆို့အရေးယူမှုတွေကို ဗြောင်ကျကျချိုးဖောက်တာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ဧပြီ ၂၆ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ဒီကြေညာချက်ဟာ မြောက်ကိုရီးယားအရေး၊ ချစ်ပ်ပြားနဲ့ ကုန်သွယ်ရေး၊ ယူကရိန်းစစ်ပွဲ အပါအဝင် ပြဿနာတွေကို လွှမ်းခြုံထားတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တောင်ကိုရီးယားခေါင်းဆောင် ယွန်းဆွတ်ခ်ယိုးတို့အကြား အိမ်ဖြူတော်ဆွေးနွေးပွဲကနေ ထွက်ပေါ်လာတာပါ။
ဆိုးလ်က ပြုံယမ်းရဲ့ ကိုယ်ပိုင်နျူးကလီးယားလက်နက် အစီအစဉ်ကို ဆက်မလုပ်နိုင်စေဖို့ အသစ်ထပ်မံ ကတိပြုခြင်းလည်း ပါဝင်ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ အကျပ်ကိုင်တဲ့ နည်းလမ်းတွေကိုသုံးပြီး စီးပွားရေးအမြတ်ထုတ်မှုမျိုးကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဘိုင်ဒင်က ပြောပါတယ်။
ပြုံယမ်းရဲ့ လက်နက်တိုက်မှာ ဒုံးကျည်တွေနဲ့ ဗုံးတွေ များပြားလာတဲ့အပေါ် စိုးရိမ်နေရတဲ့ ကြားမှာပဲ မြောက်ကိုရီးယားနဲ့ ပဋိပက္ခမှန်သမျှအတွက် သူ့ရဲ့ နျူးကလီးယားစီမံကိန်းကို ပိုပြီး အတွင်းကျကျ သိမြင်စေရမယ်လို့ အမေရိကန်က တောင်ကိုရီးယားကို ဗုဒ္ဓဟူးနေ့က ကတိပြုခဲ့ပါတယ်။
ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ တောင်ကိုရီးယားသမ္မတ ယွန်းကလည်း မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့အတွက် သူနဲ့ ဘိုင်ဒင်တို့ဟာ တောင်ကိုရီးယားရဲ့ ကာကွယ်ရေးကို အားကောင်းစေမယ့် အဆင့်တွေကို သဘောတူညီခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
“မြောက်ကိုရီးယားရဲ့ နျူးကလီးယားတိုက်ခိုက်မှုဖြစ်စဉ်မှာ နှစ်နိုင်ငံ သမ္မတဆွေးနွေးပွဲတွေ ချက်ချင်းလုပ်ဖို့ နှစ်နိုင်ငံ သဘောတူခဲ့ပြီးတော့ အမေရိကန် နျူးကလီးယားလက်နက်တွေ အပါအဝင် မဟာမိတ်တွေရဲ့ အင်အား အပြည့်သုံးပြီးတော့ မြန်မြန်ဆန်ဆန် ပြည့်ပြည့်ဝဝ ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ကြောင်း” သမ္မတ ယွန်းက ပြောသွားပါတယ်။
သမ္မတ ဘိုင်ဒင်ကလည်း အမေရိကန်ဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး သံတမန်ရေးရာ ညှိနှိုင်းမှုတွေလုပ်ဖို့ မြောက်ကိုရီးယားကို ကမ်းလှမ်းထားကြောင်း ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားမစ်ရှင်အဖွဲ့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်းမရှိပါဘူး။
ကယ်လီဖိုးနီးယားမှာ လူ ၁၈ ဦး သေဆုံးခဲ့ရတဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအပြီးမှာ သမ္မတ ဂျိုးဘိုင်ဒင်က တိုက်ခိုက်ရေးလက်နက် တားမြစ်ရေးဥပဒေကြမ်းကို သူ့ထံ အမြန်ဆုံးတင်သွင်းဖို့ ဇန်နဝါရီ ၂၄ ရက်မှာ ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုလိုက်ပါတယ်။
ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် ဒိုင်းယန်း ဖိုင်းစတိုင်းန်က အဲဒီဥပဒေကြမ်းကို အရင်နေ့က ပြန်တင်သွင်းခဲ့တယ်လို့ ဘိုင်ဒင်က ဒီမိုကရက်တစ် ပါလီမန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။
၃ ရက်အတွင်း သီးခြားပစ်ခတ်မှု ၂ ကြိမ်အတွင်း လော့စ်အိန်ဂျလိစ်ရှိ စတားအကခန်းမမှာ လူ ၁၁ ဦး သေဆုံးခဲ့ပြီး ဆန်ဖရန်စစ္စကိုမြို့အနီး ပင်လယ်ကမ်းစပ်ရှိ Half Moon ပင်လယ်အော်ရှိ မွေးမြူရေးခြံ ၂ နေရာမှာ တခြား ၇ ဦး သေဆုံးခဲ့တာပါ။
ပစ်ခတ်မှုနှစ်ခုစလုံးအတွက် ကျူးလွန်ရတဲ့အကြောင်းရင်းကို သိရဖို့ကြိုးစားစုံစမ်းနေဆဲ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
တိုက်ခိုက်မှု ၂ ခုစလုံးမှာ သံသယရှိသူတွေဟာ အငြိမ်းစားအရွယ် အမျိုးသားတွေချည်း ဖြစ်နေပြီးတော့ အမေရိကန်မှာ ပုံမှန်လိုဖြစ်လာနေတဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကို ကျူးလွန်သူတွေထက် အသက်ကြီးသူတွေ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ကိုယ်ပိုင်သေနတ် ကိုင်ဆောင်မှုနှုန်း အမြင့်မားဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ ကယ်လီဖိုးနီးယားပြည်နယ်ဟာ အတင်းကျပ်ဆုံး သေနတ်ဥပဒေတချို့ ပြဋ္ဌာန်းထားတာပါ။
တခြားပြည်နယ်တွေမှာ တရားဝင်တဲ့ သေနတ်အမျိုးအစားများစွာကို ပြည်နယ်အစိုးရက တားမြစ်ထားတာဖြစ်ပြီး လိုအပ်တဲ့ ကယ်လီဖိုးနီးယား သေနတ်လိုင်စင် ရရှိဖို့က အတော်လေးခက်ခဲပါတယ်။
ဆီမီး-အော်တိုမက်တစ် ပစ္စတိုတွေဟာ နိုင်ငံတွင်း အကျယ်ပြန့်ဆုံး ကိုင်ဆောင်ကြတဲ့ သေနတ်တွေဖြစ်ပြီး တချို့အမျိုးအစားတွေဟာ ကယ်လီဖိုးနီးယားမှာ တရားဝင်ပါတယ်။ ဒါပေမဲ့ သေနတ်ရဲ့အင်္ဂါရပ်တွေနဲ့ ဆုံးဖြတ်တဲ့ တိုက်ခိုက်ရေးလက်နက်လို့ သတ်မှတ်ထားတဲ့ အမျိုးအစားတွေကို ပြည်နယ်အစိုးရက တားမြစ်ထားပြီး အဲဒီထဲမှာ ဆီမီး-အော်တိုမက်တစ် MAC-10 သေနတ်တွေ ပါဝင်ပါတယ်။
တိုက်ခိုက်ရေးလက်နက် တားမြစ်ချက်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးလို့ ပြဋ္ဌာန်းထားပြီး ၂၀၂၁ ခုနှစ်မှာ အဲဒီတားမြစ်ချက်ကို ဖက်ဒရယ်တရားသူကြီးက ဖယ်ရှားခဲ့ပါတယ်။ ဒါပေမဲ့ တရားရေးအရ အယူခံဝင်နေချိန်မှာတော့ တိုက်ခိုက်ရေးလက်နက် တားမြစ်ချက်က သက်ရောက်မှုရှိနေဆဲ ဖြစ်ပါတယ်။