close

အမေရိကန်သမ္မတ

close

May 4, 2023

သမ္မတအဖြစ် ဆက်ရှိနေပါက ရုရှား-ယူကရိန်းစစ်ပွဲကို တရက်အတွင်း အဆုံးသတ်နိုင်ဟု ‌ထရမ့်ပ်ပြော

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က သူသာ သမ္မတနေရာမှာ ရှိနေဦးမယ်ဆိုရင် ရုရှားနဲ့ ယူကရိန်းအကြား စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်နိုင်မှာဖြစ်တယ်လို့ မေလ ၃ ရက်က ပြောကြားလိုက်ပါတယ်။

ဗြိတိန်ရုပ်သံလိုင်းတခုဖြစ်တဲ့ ဂျီဘီ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ထရမ့်ပ်က အခုလို မှတ်ချက်ပေးခဲ့တာပါ။

ရုရှားသမ္မတ ဗလာဒီမာပူတင် အပါအဝင် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံမှုကိုအသုံးချပြီး ဒီစစ်ရေးပဋိပက္ခကို တရက်တာအတွင်းမှာတင် အဆုံးသတ်နိုင်အောင် ကူညီနိုင်တယ်ဆိုပြီး ထရမ့်ပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ထရမ့်ပ်က သူ့ရဲ့ ရည်ရွယ်ချက်တွေကို အင်တာဗျူးအစီအစဉ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့အပြင် လူထုစစ်တမ်းတွေမှာလည်း အလားအလာရှိတဲ့ ရီပတ်ဘလစ်ကန် ပြိုင်ဘက်တွေထက် သြဇာလွှမ်းမိုးနိုင်တဲ့ ဦးဆောင်သူအဖြစ် လောလောဆယ် ရပ်တည်နေပါတယ်။

အစီအစဉ်တင်ဆက်သူ နိုင်ဂျယ် ဖယ်ရာ့ချ်က လာမယ့်ရွေးကောက်မှာ အနိုင်ရနိုင်မလား ဆိုပြီး မေးမြန်းရာမှာ ထရမ့်ပ်က “အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ရှိပါတယ်” လို့ တုံ့ပြန်ဖြေဆိုပါတယ်။

ဒါ့အပြင် ထရမ့်ပ်က သူ့ရဲ့ စီပွားရေးဆိုင်ရာ မှတ်တမ်းတွေဟာ ရွေးကောက်ပွဲမှာ အထောက်အကူ ဖြစ်စေနိုင်သလို တရုတ်၊ မြောက်ကိုရီးယားနဲ့ အီရန်တို့လို နိုင်ငံတွေနဲ့ တင်းမာမှုတွေကိုပါ လျော့ကျလာအောင် ကူညီပေးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

2 mins Ago

March 26, 2023

အလာစကာရှိ ရေနံစီမံကိန်း အတည်မပြုရန် အမေရိကန်သမ္မတဆန္ဒရှိဟု ကနေဒါပြော

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ အလာစကာပြည်နယ်က ဝီလိုအမည်ရ ရေနံစီမံကိန်းကို အတည် မပြုဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိခဲ့တယ်လို့ မတ် ၂၄ ရက်မှာ အော်တဝါမြို့က ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“ကောင်စီဘက်ကရရှိ လာတဲ့ အကြုံပြုချက်အရ ဒီကိစ္စသာ အမှုဖြစ်လာခဲ့မယ်ဆိုင်ရင် တရားရုံးမှာ လုံးဝရှုံးနိမ့်မှာပါ၊ ရေနံကုမ္ပဏီကိုလည်း တရားရေးအရ ရှုံးနိမ့်နိုင်တာကြောင့် ကိုယ်တကယ် လုပ်ချင်တဲ့ အရာတစ်ခုအတွက် ဒီ့ထက်ကျော် လွန်ပြီးကျနော့်မှာ လုပ်နိုင်စွမ်းမရှိဘူး”လို့ ဘိုင်ဒင်က ဖြည့်စွက်ပြောပါတယ်။ 

ကွန်နိုကို ဖီးလစ်ပ်ကုမ္ပဏီက အဆိုပြုလာတဲ့ ဒေါ်လာ ၇ဘီလီယံနီးပါး တန်ကြေးရှိ ဝီလို စီမံကိန်းဟာ အလာစကာပြည်နယ်က အမျိုးသားအရံရေနံ လုပ်ကွက်နေရာမှာ တည်ရှိပြီး အမေရိကန်နိုင်ငံရဲ့ ဧက ၂၃ သန်းသော အများပြည်သူပိုင် ဧရိယာမှာ ရေနံတူးဖော် မှာဖြစ်ပါတယ်။ အဲဒီဧရိယာမှာ ရေနံစည်ပေါင်း သန်း ၆၀၀လောက် ထွက်နိုင်တယ် လို့ ခန့်မှန်းထားပါတယ်။

ဘိုင်ဒင်ရဲ့ ပြည်ထဲရေးဌာနက မူလအဆိုပြုထားတဲ့ပမာဏထက် ရေနံတူးဖော်မယ့် နေရာ ၃ခု အပါအဝင် ရေခဲပြင်ပေါ်က အခြေခံအဆောက်အအုံတွေကိုပါ ပမာဏလျှော့ချမယ့် အဆိုပြုချက် အသစ်ကို အတည်ပြုခဲ့တာပါ။ 

အဲဒီနယ်မြေမှာ နေထိုင်ကျက်စားလျက်ရှိတဲ့ ပိုလာဝက်ဝံတွေနဲ့ မြောက် အမေရိကဒေသမှာ အတွေ့ များတဲ့ ငှက်မျိုးစိတ်တွေအပေါ်  ဒီစီမံကိန်းရဲ့ သက်ရောက်မှုကိုလည်း လျှော့ချ နိုင်လိမ့်မယ်လို့ ပြည်ထဲရေးဌာနက ဆိုပါတယ်။ 

ဒါပေမဲ့ဒီစီမံကိန်းဟာ အလာစကာပြည်နယ်က ရေခဲပြင်တွေပေါ်မှာ တည်ရှိတာကြောင့် အဲဒီဒေသက တိရစ္ဆာန်မျိုးစိတ်တွေရဲ့ အသက်ရှင်နေထိုင်ရေးအပြင် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပင်လယ်ရေမြင့်တက်နိုင်မှုအပေါ် စိုးရိမ်နေကြတဲ့ အမေရိကန်ပြည်သူတွေက ဒီစီမံကိန်း ရပ်တန့်ဖို့ လက်မှတ် ၆သန်း တောင်းဆိုထားရာမှာ လက်မှတ် ၅ သန်းနီးပါးအထိ ရရှိထားပြီ ဖြစ်ပါတယ်။

ဒီစီမံကိန်းပမာဏကို လျှော့ချလိုက်ပေမယ့်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ဒီအပေါ် မှာ ကျေနပ်မှုမရှိပါဘူး။ 

ဒီလိုသေးငယ်တဲ့ စီမံကိန်းပမာဏနဲ့တင် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက် စေနိုင်သလို ရာသီဥတုပြောင်းလဲမှုအပေါ် တိုက်ဖျက်မယ်ဆိုတဲ့ ဘိုင်ဒင်အစိုးရရဲ့ ရွေးကောက်ပွဲ ကတိ ပြုချက်တွေနဲ့လည်း ဒီကိစ္စကကွဲလွဲနေတယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ဝေဖန်ထား ကြပါတယ်။ 

1 month Ago
Up