ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက် ဒီကနေ့မနက်ပိုင်းက အမျိုးသားတယောက် တံတားပေါ်က ခုန်ချခဲ့တာကြောင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရပါတယ်။
ကမာကြည်တံတားပေါ်ကနေ ခုန်ချခဲ့တဲ့ အမျိုးသားဟာ သူ့ရဲ့ စက်ဘီး၊ ဖိနပ်နဲ့ အသုံးအဆောင် ပစ္စည်းတချို့ကို ချန်ထားခဲ့တာကို တွေ့ရပြီး လတ်တလောအချိန်ထိ ရှာဖွေမတွေ့ရသေးပေမဲ့ အဆိုပါအမျိုးသားရဲ့ နေရပ်လိပ်စာကိုတော့ သိထားရပြီလို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းက ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ ဒေသအနှံ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတွေ ခပ်စိပ်စိပ် တွေ့လာရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးဟာ ၃ နှစ်သမီးလေးနဲ့အတူ ပြည် နဝဒေးတံတားပေါ်ကနေ ခုန်ချ သတ်သေသွားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကလည်း မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦး ခုန်ချပြီး သေကြောင်းကြံစည်ခဲ့ဖူးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားတွေဟာ ထမင်းကို နေ့နဲ့ည ပေါင်းစားရသူတွေ ရှိပြီး အခက်အခဲတွေနဲ့ ကြုံရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ရှိနေပါတယ်။
စီးပွားရေးကျပ်တည်းပြီး မိသားစုစားဝတ်နေရေးအဆင်မပြေတဲ့အတွက် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်ကနေ အသက် ၅၈ နှစ်အရွယ် အမျိုး သားကြီးတစ်ဦး သြဂုတ် ၂၅ ရက် ဒီနေ့မနက်ပိုင်းက ခုန်ချခဲ့တယ်လို့ မရမ်းကုန်းမြို့ခံတွေဆီက သိရပါတယ်။
မရမ်းကုန်းမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"အသက်လဲကြီးပါပြီ သူ့ကြည့်ရတာ စိတ်ညစ်နေတဲ့ပုံ တံတားပေါ်က တက်သွားပြီး ခုန်ချတာ။ လူတွေလည်း လန့်သွားတယ်။ စိတ်ထဲလည်းမကောင်းဘူး။ ပရဟိတကားတွေ လာသယ်ပြီး ဆေးရုံပို့ပေးကြတယ်"လို့ ပြောပါတယ်။
ခုံးကျော်တံတားပေါ်က ခုန်ချသူဟာ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် ဦးစိုင်းမြင့်မိုးဖြစ်တယ်လို့ သွားရောက်ကူညီခဲ့တဲ့ မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။
"အဲ့ဒီဦးလေးက အိမ်ကပျောက်နေတာကြာပြီ စိတ်ညစ်လို့ လုပ်တယ်လို့ ထင်တာပါပဲ။ အခုသူ့မိသားစုနဲ့ ဆက်သွယ်ပေးလိုက်ပြီ။ မသေပါဘူး မြောက်ဥက္ကလာ မေဓါဝီဆေးရုံမှာ တင်ထားတယ်။”
ဦးစိုင်းမြတ်မိုးဟာ တံတားပေါ်က ခုန်ချခဲ့တဲ့ အရှိန်ကြောင့် ခါးဆစ်ရိုးကျိုးသွားပြီး မေဓာဝီဆေးရုံ မှာ ဆေးကုသမှုခံယူနေတယ်လို့ မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး ယိုယွင်းကျဆင်းလာနေတာနဲ့ အမျှ ကျပ်ငွေတန်ဖိုး စံချိန်တင် ဖောင်းပွ ငွေတန်ဖိုးကျဆင်းလာပြီး အလုပ်အကိုင်ပိုမိုရှားပါးလာတာ ကြောင့် ပြည်သူလူထုတွေ စားဝတ်နေရေး အဆင်မပြေ ကျပ်တည်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။