close

သာကေတတံတားပေါ်မှ အမျိုးသား ၁ ဦး ခုန်ချ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ စက်တင်ဘာ ၁၄ ရက် ဒီကနေ့မနက်ပိုင်းက အမျိုးသားတယောက် တံတားပေါ်က ခုန်ချခဲ့တာကြောင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေရပါတယ်။

ကမာကြည်တံတားပေါ်ကနေ ခုန်ချခဲ့တဲ့ အမျိုးသားဟာ သူ့ရဲ့ စက်ဘီး၊ ဖိနပ်နဲ့ အသုံးအဆောင် ပစ္စည်းတချို့ကို ချန်ထားခဲ့တာကို တွေ့ရပြီး လတ်တလောအချိန်ထိ ရှာဖွေမတွေ့ရသေးပေမဲ့ အဆိုပါအမျိုးသားရဲ့ နေရပ်လိပ်စာကိုတော့ သိထားရပြီလို့ သာကေတမြို့နယ် လူမှုကူညီရေးအသင်းက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံ ဒေသအနှံ့ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတွေ ခပ်စိပ်စိပ် တွေ့လာရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတဦးဟာ ၃ နှစ်သမီးလေးနဲ့အတူ ပြည် နဝဒေးတံတားပေါ်ကနေ ခုန်ချ သတ်သေသွားခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကလည်း မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦး ခုန်ချပြီး သေကြောင်းကြံစည်ခဲ့ဖူးပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားတွေဟာ ထမင်းကို နေ့နဲ့ည ပေါင်းစားရသူတွေ ရှိပြီး အခက်အခဲတွေနဲ့ ကြုံရပြီးနောက်မှာ ​ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up