တနင်္သာရီတိုင်း၊ မြိတ်မြို့ ကမ်းနားလမ်းအပါအဝင် လူနေရပ်ကွက်တွေထဲမှာ စည်ပင်အမှိုက်သိမ်းယာဉ်တွေ ပုံမှန်မလာတာကြောင့် အမှိုက်တွေ စုပုံပြီး အနံ့အသက်တွေ ဆိုးရွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စည်ပင်ကလစဉ်ကြေး တလကို ကျပ် ၂၀၀၀ မှ ၅၀၀၀ အထိ ပုံမှန်လာကောက်လေ့ရှိပေမယ့် အမှိုက်သိမ်းယာဉ်တွေက ပုံမှန်မလာတာကြောင့် အခုလို အမှိုက်တွေ စုပုံလာတာလို့ စျေးနားနေဒေသခံတဦးက ပြောပါတယ်။
“အမှိုက်သိမ်းယာဉ်တွေပုံမှန်မလာတာကြောင့် ကျနော်တို့လည်း အမှိုက်တွေစုပြီး စျေးနားမှာ သွားပစ်ရတယ်။ အဲဒီလိုလာပစ်တာ စျေးစည်ပင်တွေကို ပိုက်ဆံ ၃၀၀၀ ပေးရတယ်။”
အရင် အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက အမှိုက်သိမ်းယာဉ်တွေ ပုံမှန်လာလေ့ရှိပြီး မြိတ်ကမ်းနားလမ်းမှာ အမှိုက်လာပစ်သူတွေကို ကျပ်သိန်းချီပြီး ဒဏ်ငွေရိုက်တယ်လို့ ဆိုပါတယ်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာတော့ မြိတ်ကမ်းနားလမ်းတလျှောက် နေရာတချို့မှာ အမှိုက်တွေပြန်တွေ့လာရတာလို့ မြို့ခံတွေက ပြောပါတယ်။
“အမှိုက်သိမ်းယာဉ်တွေက အရင်ကဆိုပုံမှန်လာတယ်။ အခုတော့ ၁ လမှာ နှစ်ကြိမ်လောက်ပဲ့လာတော့ အမှိုက်တွေစုပြီး အဆင်ပြေတဲ့နေရာမှာ လိုက်ပစ်နေရတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက်အတွင်း အမှိုက်သိမ်းယာဉ်ပုံမှန်မလာတာနဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးတာလည်း မရှိဘူးလို့ သိရပါတယ်။
မကွေးတိုင်း၊ ချောက်မြို့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၊ ဝန်ထမ်းအိမ်ရာအနီး အမှိုက်ကားပေါ်မှာ နိုဝင်ဘာ ၅ ရက်နေ့ည ၇ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အမည်မဖော်လိုတဲ့ ဒေသခံတဦးက “အသံကတော့ အုန်းဆိုအကျယ်ကြီးပဲဗျ။ အဲ့စည်ပင်ရုံးက မြို့ထဲမှာလေ။ ပြီးတော့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့လည်းနီးတာဆိုတော့ သူတို့စစ်သားနဲ့ရဲ့တွေလည်း လန့်ဖြတ်ပြီး တန်းရောက်လာကြတာ။ ဘာတွေဖြစ်ကုန်လည်းတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲ အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သားနဲ့ရဲတွေရောက်လာပြီး နီုးပေါက်ကွဲတဲ့ နေရာနဲ့အနီးရှိ လူနေအိမ်တွေက ပြည်သူတချို့ကို ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆက်လက်ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိတဲ့အပြင် ဗုံးဖောက်ခွဲမှုကို မည်သည့်အဖွဲ့အစည်းက လုပ်တယ်ဆိုတာလည်း မသိရသေးပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာလကုန်းပိုင်းကစလို့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးဌာနက ချောက်မြို့ပေါ်က ရေမီတာခွန်မဆောင်တဲ့ ဒေသခံပြည်သူတွေရဲ့နေအိမ်တွေက ရေမီတာတွေကို လိုက်လံဖြုတ်သိမ်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။