close

မြိတ်မြို့တွင် အမှိုက်ကားပုံမှန်မလာသဖြင့် ရပ်ကွက်ထဲ အမှိုက်များစုပုံနေ

တနင်္သာရီတိုင်း၊ မြိတ်မြို့ ကမ်းနားလမ်းအပါအဝင် လူနေရပ်ကွက်တွေထဲမှာ စည်ပင်အမှိုက်သိမ်းယာဉ်တွေ ပုံမှန်မလာတာကြောင့် အမှိုက်တွေ စုပုံပြီး အနံ့အသက်တွေ ဆိုးရွားနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စည်ပင်ကလစဉ်ကြေး တလကို ကျပ် ၂၀၀၀ မှ ၅၀၀၀ အထိ ပုံမှန်လာကောက်လေ့ရှိပေမယ့် အမှိုက်သိမ်းယာဉ်တွေက ပုံမှန်မလာတာကြောင့် အခုလို အမှိုက်တွေ စုပုံလာတာလို့ စျေးနားနေဒေသခံတဦးက ပြောပါတယ်။

“အမှိုက်သိမ်းယာဉ်တွေပုံမှန်မလာတာကြောင့် ကျနော်တို့လည်း အမှိုက်တွေစုပြီး စျေးနားမှာ သွားပစ်ရတယ်။ အဲဒီလိုလာပစ်တာ စျေးစည်ပင်တွေကို ပိုက်ဆံ ၃၀၀၀ ပေးရတယ်။” 

အရင် အန်အယ်လ်ဒီအစိုးရလက်ထက်တုန်းက အမှိုက်သိမ်းယာဉ်တွေ ပုံမှန်လာလေ့ရှိပြီး မြိတ်ကမ်းနားလမ်းမှာ အမှိုက်လာပစ်သူတွေကို ကျပ်သိန်းချီပြီး ဒဏ်ငွေရိုက်တယ်လို့ ဆိုပါတယ်။ 

လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာတော့ မြိတ်ကမ်းနားလမ်းတလျှောက် နေရာတချို့မှာ အမှိုက်တွေပြန်တွေ့လာရတာလို့ မြို့ခံတွေက ပြောပါတယ်။

“အမှိုက်သိမ်းယာဉ်တွေက အရင်ကဆိုပုံမှန်လာတယ်။ အခုတော့ ၁ လမှာ နှစ်ကြိမ်လောက်ပဲ့လာတော့ အမှိုက်တွေစုပြီး အဆင်ပြေတဲ့နေရာမှာ လိုက်ပစ်နေရတယ်”လို့ မြို့ခံတဦးက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ရပ်ကွက်အတွင်း အမှိုက်သိမ်းယာဉ်ပုံမှန်မလာတာနဲ့ ပတ်သက်ပြီး တာဝန်ယူဖြေရှင်းပေးတာလည်း မရှိဘူးလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up