ရှက်စရာရှုံးပွဲနဲ့ တွေ့ခဲ့ပေမဲ့ နည်းပြအယ်လီဂရီကို ထုတ်ပယ်မှာမဟုတ်ကြောင်း ဂျူဗင်တပ်အသင်းက သတင်းထုတ်ပြန်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အစ္စရေးကလပ် မက္ကာဘီဟိုက်ဖာနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
လက်ရှိအခြေအနေဟာ ခက်ခဲတဲ့ကာလတခုကို ဖြတ်သန်းနေရတာဖြစ်ပြီး တာဝန်ယူနိုင်ရမယ့် အခိုက်အတန့်ဖြစ်လို့ အသင်းမှာ ဆက်ရှိနေရတာဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ အန်ဒရီရာအက်နယ်လီက ပြောပါတယ်။
“ဒီလိုအခြေအနေမျိုးဟာ တဦးတယောက်ကြောင့် ဖြစ်နေရတာ မဟုတ်ပါဘူး။ အသင်းတသင်းလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ ကျနော်တို့ ရှက်စရာအဖြစ် ခံစားရပြီး ပရိသတ်တွေကို တောင်းပန်ပါတယ်။ အယ်လီဂရီဟာ ဂျူဗင်တပ်နည်းပြအဖြစ် ဆက်ရှိနေမှာပါ” လို့ အက်နယ်လီက အသိပေးခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဟာ အုပ်စု ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားကာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
ကွင်းလယ်ကစားသမား အာရွန်ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ နည်းပြ အယ်လီဂရီကအတည်ပြု ပြောကြားလိုက်ပါတယ်။
အေစီမီလန်နဲ့ ကစားမယ့်ပွဲအကြို သတင်းစာရှင်းလင်းပွဲမှာ ရမ်းဆေးဟာ အသင်းနဲ့ မပူးပေါင်းတော့ဘဲ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ အယ်လီဂရီက သတင်းထောက်တွေကို အတည်ပြုခဲ့တာပါ။
အသက် ၃၁ နှစ်ရှိ ဝေးလ်လက်ရွေးစင် ရမ်ဆေးဟာ အီတလီမှာ ၂ နှစ်ခွဲကျော် ကစားခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့် နည်းပါးခဲ့ပါတယ်။ နည်းပြအယ်လီဂရီ လက်အောက်မှာ စီးရီးအေအဖွင့်ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရခဲ့ပြီးနောက်ပိုင်းမှာ ၂ ပွဲသာ လူစားဝင်ကစားခဲ့ရပါတယ်။
ဂျူဗင်တပ်စ်အသင်းဟာ အီတလီလက်ရွေးစင် လိုကာတယ်လီကို ဆက်ဆူအိုလိုကနေ ခေါ် ယူခဲ့ပြီး နောက် ရမ်ဆေးကို အသုံးမပြုတော့တာပါ။
၂၀၁၉ ခုနှစ်က အာဆင်နယ်ကနေ ပြောင်းရွှေ့လာတဲ့ ရမ်ဆေးဟာ ဂျူဗင်တပ်စ်အသင်းမှာ စီးရီးအေပွဲ ၇၀ ကစားခဲ့ပြီး ၆ ဂိုး သွင်းယူခဲ့ပါတယ်။
ရမ်ဆေးဟာ ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ရှိနေပြီး နယူးကာဆယ်၊ ဝက်စ်ဟမ်းနဲ့ အဲဗာတန်အသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။