ရှက်စရာရှုံးပွဲတွေ့ခဲ့သော်လည်း နည်းပြအယ်လီဂရီကို ထုတ်ပယ်မည်မဟုတ်ဟု ဂျူဗီကြေညာ

ရှက်စရာရှုံးပွဲနဲ့ တွေ့ခဲ့ပေမဲ့ နည်းပြအယ်လီဂရီကို ထုတ်ပယ်မှာမဟုတ်ကြောင်း ဂျူဗင်တပ်အသင်းက သတင်းထုတ်ပြန်ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အစ္စရေးကလပ် မက္ကာဘီဟိုက်ဖာနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီး ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
လက်ရှိအခြေအနေဟာ ခက်ခဲတဲ့ကာလတခုကို ဖြတ်သန်းနေရတာဖြစ်ပြီး တာဝန်ယူနိုင်ရမယ့် အခိုက်အတန့်ဖြစ်လို့ အသင်းမှာ ဆက်ရှိနေရတာဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ အန်ဒရီရာအက်နယ်လီက ပြောပါတယ်။
“ဒီလိုအခြေအနေမျိုးဟာ တဦးတယောက်ကြောင့် ဖြစ်နေရတာ မဟုတ်ပါဘူး။ အသင်းတသင်းလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ ကျနော်တို့ ရှက်စရာအဖြစ် ခံစားရပြီး ပရိသတ်တွေကို တောင်းပန်ပါတယ်။ အယ်လီဂရီဟာ ဂျူဗင်တပ်နည်းပြအဖြစ် ဆက်ရှိနေမှာပါ” လို့ အက်နယ်လီက အသိပေးခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဟာ အုပ်စု ၄ ပွဲ ကစားအပြီးမှာ ၁ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားကာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။