အယ်လ်ကိုင်းဒါးခေါင်းဆောင် ဆေ့ဖ် အယ်လ်အဒယ်လ်ဟာ အီရန်နိုင်ငံမှာ အခြေစိုက် နေထိုင်တယ်လို့ အမေရိကန်အစိုးရက ယုံကြည်ထားတဲ့အကြောင်း အမေရိကန်အစိုးရ ပြောခွင့်ရ နဒ်ပရိုက်စ်က ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းထိ တိုးပေးဖို့ အမေရိကန်အစိုးရ တရားမျှတမှုအတွက် ဆုလာဘ်အစီအစဉ်က ကမ်းလှမ်းထားပါတယ်။
အဒယ်လ်ဟာ အယ်လ်ကိုင်းဒါး ဦးဆောင်ကောင်စီရဲ့ အဖွဲ့ဝင်တဦးဖြစ်ပြီး စစ်ဘက်ကော်မတီကို ဦးဆောင်တယ်လို့ ပြောပါတယ်။
အီဂျစ်အထူးတပ်ဖွဲ့ အရာရှိဟောင်းနဲ့ အယ်လ်ကိုင်းဒါး အဆင့်မြင့်အဖွဲ့ဝင်ဖြစ်သူ ဆေ့ဖ် အယ်လ် အဒယ်လ်ဟာ အခုတော့ စစ်သွေးကြွအုပ်စုရဲ့ ပြိုင်ဘက်ကင်းခေါင်းဆောင် ဖြစ်လာပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အယ်လ်ကိုင်းဒါးဆိုင်ရာ အစီရင်ခံစာအသစ်က ဆိုပါတယ်။
မနှစ်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့မှာ အမေရိကန်ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ ယုံကြည်ရတဲ့ အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုင်မန် အယ်လ် ဇာဝါဟရီကို ဆက်ခံမယ့်သူရဲ့ နာမည်ကို အယ်လ်ကိုင်းဒါးအဖွဲ့က တရားဝင် မထုတ်ပြန်သေးပါဘူး။
ဇာဝါဟရီ သေဆုံးမှုဟာ အယ်လ်ကိုင်းဒါး တည်ထောင်သူ ဘင်လာဒင် ၂၀၁၁ မှာ အသတ်ခံရအပြီး အယ်လ်ကိုင်းဒါးအဖွဲ့ကို ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။
ဇာဝါဟရီက အမေရိကန်ကို ခြိမ်းခြောက်ရင်း တကမ္ဘာလုံးကို ရုပ်သံကနေ ထုတ်ပြန်ရင်း နာမည်ကြီးအောင် ထိန်းထားခဲ့ပေမဲ့ အဒယ်လ်ကတော့ အမှောင်ထဲကနေ တိုက်ခိုက်မှုတွေကို စီစဉ်ခဲ့ပြီး အယ်လ်ကိုင်းဒါးကို ကမ္ဘာ့အန္တရာယ်အကြီးဆုံး စစ်သွေးကြွအုပ်စုဖြစ်လာအောင် ကူညီခဲ့တယ်လို့ ပညာရှင်တွေက ပြောပါတယ်။
တန်ဇန်းနီးယားနဲ့ ကင်ညာနိုင်ငံတွေက အမေရိကန်သံရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂၂၄ ဦး သေဆုံးပြီး အယောက် ၅,၀၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ အမှုအတွက် အမေရိကန် ပြည်ထောင်စု တရားသူကြီးအဖွဲ့က အဒယ်လ်ကို ၁၉၉၈ ခုနှစ် နိုဝင်ဘာလမှာ စွဲချက်တင်ထားပါတယ်။
အယ်လ်ကိုင်းဒါးခေါင်းဆောင် ဇာဝါဟီရီကို အာဖဂန်နစ္စတန်မှာ ခိုလှုံခွင့်ပေးထားတဲ့ တာလီဘန်တွေဟာ ဒိုဟာ သဘောတူညီချက်ကို ချိုးဖောက်လိုက်တာပဲလို့ အမေရိကန် အစိုးရက စွပ်စွဲလိုက်ပါတယ်။
အမေရိကန် သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောခွင့်ရ ဂျွန်ကာဘီက “တွေးနေတာ မဟုတ်ဘူး၊ ထင်မြင်ယူဆနေတာ မဟုတ်ဘူး၊ ဒိုဟာ သဘောတူညီချက်ကို ချိုးဖောက်မှုဆိုတာ သိတယ်” လို့ သြဂုတ် ၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တာလီဘန်ပြောခွင့်ရ ဇာဘီဟူလာ မူဂျာဟစ်ဒ်ကတော့ ကဘူးမြို့တော်မှာ တနင်္ဂနွေနေ့က ပစ်ခတ်မှုကို အစောပိုင်းက အတည်ပြုခဲ့ပြီး ဒါဟာ နိုင်ငံတကာစည်းမျဉ်းကို ချိုးဖောက်တာလို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်ရဲ့ ဒရုန်းယာဉ်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် အယ်လ်ကိုင်းဒါးခေါင်းဆောင် အီဂျစ် ခွဲစိတ်ပညာရှင် အိုင်မန် အယ်လ် ဇာဝါဟီရီဟာ ကဘူးလ်မြို့တော်က သူ့အိမ် လေသာဆောင်မှာ ရပ်နေတုန်း သေဆုံးခဲ့ပါတယ်။
ဇာဝါဟီရီ သေဆုံးတာကို အာဖဂန်ရဲ့ တာလီဘန်အစိုးရက အတည်မပြုပါဘူး။
အမေရိကန်မှာ လူ ၃,၀၀၀ နီးပါး သေဆုံးခဲ့ရတဲ့ ၂၀၀၁ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကို ဇာဝါဟီရီက ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ အမေရိကန်က သတင်းထုတ်ပြန်ထားပါတယ်။