အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုင်မန် အယ်လ် ဇာဝါဟီရီကို အမေရိကန် စီအိုင်အေက ဒရုန်းနဲ့ တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့တာဟာ သမ္မတ ဂျိုးဘိုင်ဒင်လက်ထက် အကြမ်းဖက်မှု တန်ပြန်ဆန့်ကျင်ရေး ဗျူဟာရဲ့ အောင်မြင်မှုဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေ မနှစ် သြဂုတ်လမှာ အာဖဂန်မြေပေါ်ကနေ ဆုတ်ခွာခဲ့ပြီးနောက်ပိုင်း သမ္မတဘိုင်ဒင် အစိုးရဟာ အကြမ်းဖက်သမားတွေကို ဒရုန်းနဲ့ ထောက်လှမ်းရေးလေယာဉ်တွေကို သုံးပြီး ခြေရာခံတဲ့ဗျူဟာကို ပြောင်းလဲ ကျင့်သုံးလာခဲ့တယ်လို့ ဆိုပါတယ်။
ဇူလိုင် ၃၁ ရက်မှာတော့ စီအိုင်အေက ကဘူးလ်မြို့လယ်ခေါင်ကို ဒရုန်းနဲ့တိုက်ခိုက်ပြီး အယ်လ်ကိုင်းဒါးခေါင်းဆောင်ကို သုတ်သင်ရှင်းလင်းခဲ့ပါတယ်။ ဒါဟာ မနှစ်က အာဖဂန်မြေပေါ်ကနေ အမေရိကန်တပ်တွေ ဝရုန်းသုန်းကားနဲ့ ပြန်ဆုတ်ခွာတာ တနှစ်ပတ်လည်အချိန်မှာ သမ္မတဘိုင်ဒင် အစိုးရရဲ့ ထူးခြားတဲ့ စွမ်းဆောင်ချက်တခု ဖြစ်လာတယ်လို့ အရှေ့အလယ်ပိုင်းလေ့လာရေး အင်စတီကျုက အကြီးတန်းသုတေသီ ချားလ်စ် လစ္စတာက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
၂၀၀၁ စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုကို ကူညီစီစဉ်သူ ဇာဝါဟီရီဟာ အိုစမာဘင်လာဒင်အလွန် အယ်လ်ကိုင်းဒါးအဖွဲ့ကို ဦးဆောင်လာသူ ဖြစ်ပါတယ်။ သူ့ကို အမေရိကန်အစိုးရက နောက်ယောင်ခံနေတာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီး အာဖဂန်မြေပေါ်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာသွားတဲ့အချိန်အထိ လွတ်မြောက်နေခဲ့တာပါ။
ဒါပေမဲ့ အခု ဇာဝါဟီရီကို သတ်ဖြတ်နိုင်တဲ့ သမ္မတ ဘိုင်ဒင်ရဲ့ ဗျူဟာကိုလည်း ချီးကျူးဖို့ စောသေးတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
အထူးသဖြင့် အာဖဂန်နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ သဘောတူညီချက်မယူဘဲ အမေရိကန် ဒရုန်းတွေ သက်သက်နဲ့ အာဖဂန်ရဲ့ ဝေလံခေါင်ဖျားဒေသတွေကို အချိန်အတန်ကြာတဲ့အထိ ခြေရာခံနိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြကြပါတယ်။
ဇာဝါဟီရီဟာ ကဘူးလ်မြို့လယ်ခေါင်ရှိ အမေရိကန်သံရုံးဟောင်းနေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာပဲ ခိုအောင်းနေခဲ့တဲ့အတွက် တာလီဘန်တွေက အစ္စလာမ္မစ် စစ်သွေးကြွတွေကို ဘယ်လောက်အထိ အကာအကွယ်ပေးထားသလဲဆိုတဲ့ မေးခွန်းတွေလည်း မြင့်တက်လာပါတယ်။
မနှစ်က ကုလသမဂ္ဂရဲ့ အစီရင်ခံစာတခုအရ အာဖဂန်မြေပေါ်မှာ အယ်လ်ကိုင်းဒါး ၅၀၀ လောက် ရှိနေပြီး တာလီဘန်အဖွဲ့ဟာ အစ္စလာမ္မစ် အစွန်းရောက်တွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ တာလီဘန်အာဏာပိုင်တွေဟာ သြဂုတ် ၂ ရက် မနက်ပိုင်းက အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုင်မန် အယ်လ် ဇာဝါဟီရီ သေဆုံးသွားခဲ့တဲ့ နေရာအနီးမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။
မြင်သာတဲ့ ပျက်စီးဆုံးရှုံးမှုတွေကို မတွေ့မြင်ရပေမဲ့လည်း အဲဒီနေရာအနီးမှာ လက်နက်ကိုင် တာလီဘန်စစ်သားတွေနဲ့ လူအသွားအလာ ကင်းမဲ့နေတဲ့ လမ်းတွေကို တွေ့နေရပါတယ်။
အသက် ၇၁ နှစ်အရွယ် ဇာဝါဟီရီဟာ ဒီသီတင်းပတ်ကုန်က အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သြဂုတ် ၁ ရက် ညပိုင်း ရုပ်မြင်သံကြား တိုက်ရိုက်လွှင့်ချိန်အတွင်း ပြောကြားခဲ့ပါတယ်။
တိုက်ခိုက်မှုဟာ ဇူလိုင် ၃၁ ရက်မှာ ဖြစ်ပွားခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
တာလီဘန် ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က တိုက်ခိုက်မှုဖြစ်ပွားကြောင်း အတည်ပြုခဲ့ပြီး ဒါဟာ နိုင်ငံတကာမူတွေကို ချိုးဖောက်လိုက်ခြင်းပဲလို့ သုံးနှုန်းပြီး ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ဇာဝါဟီရီဟာ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်ကြားက တားမြစ်ထားတဲ့ နယ်စပ်တလျှောက်မှာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့တယ်လို့ ယူဆရပါတယ်။