မက္ကဆီကိုနိုင်ငံအလယ်ပိုင်း၊ ဂွါနာဟွာတိုပြည်နယ်ရှိ အရက်ဘားတခုမှာ အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့ တိုက်ခိုက်မှုမှာ သေဆုံးသူ ၁၀ ယောက်လုံးဟာ အမျိုးသားတွေပဲ ဖြစ်ပြီး ကျူးလွန်သူ တယောက်ကိုမှ ဖမ်းမမိသေးကြောင်း အမည်မဖော်လိုသူ အရာရှိတယောက်က ပြောပါတယ်။
အမျိုးသား ၉ ယောက်ဟာ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးခဲ့ပြီး ကျန်တယောက်ကတော့ ဆေးရုံကို ပို့ဆောင်ပြီးနောက်မှာ သူရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားတာဖြစ်ကြောင်း ပြည်နယ်အစိုးရ အရာရှိတယောက်က ပြောပါတယ်။
ဒီတိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို အာဏာပိုင်တွေ ရှာဖွေနေပြီး တရားမျှတအောင် စီရင်ပေးမယ်လို့ ဂွါနာဟွာတိုပြည်နယ်အုပ်ချုပ်ရေးမှူး ဒီးဂို ဆင်ဟွယ် ရိုဒရီဂွက်ဇ်က ပြောပါတယ်။
ဂွါနာဟွာတိုပြည်နယ်ဟာ မက္ကဆီကန်ပြည်နယ်တွေထဲမှာ လူသတ်မှုဖြစ်တာ အများဆုံးနှစ်လို့ ဖက်ဒရယ်လုံခြုံရေးဝန်ကြီးဌာနက ပြောကြားလိုက်ပြီး ဇန်နဝါရီလကနေ ဩဂုတ်လအတွင်း သေဆုံးသူ ၂,၁၁၅ ယောက်ရှိတယ်လို့ ဆိုပါတယ်။
တောင်အာဖရိကနိုင်ငံ၊ ဆိုဝီတိုမြို့မှာ ဇူလိုင် ၁၀ ရက် မနက်ပိုင်းစောစောပိုင်းက သေနတ်သမားတွေ အရက်ဘားတခုထဲဝင်ပြီး ပစ်ခတ်ခဲ့လို့ လူ ၁၅ ယောက်ထက်မနည်း သေဆုံးသွားပြီး ၉ ယောက် ဒဏ်ရာရသွားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။
ညသန်းခေါင်းကျော်လောက်မှာ ရိုင်ဖယ်သေနတ်တွေ၊ ပစ္စတိုသေနတ်တွေကို ကိုင်ထားတဲ့ သေနတ်သမားတွေက ဝင်ပစ်တာလို့ ရဲအဖွဲ့က ပြောပါတယ်။
သေနတ်သမားတွေဟာ မြို့ဆင်ခြေဖုံးမှာရှိတဲ့ Orlando East စားသောက်ဆိုင်ထဲ ဝင်ပစ်ခဲ့တာပါ။
ဒီအဖြစ်အပျက်မတိုင်ခင် ဇူလိုင် ၁၀ ရက် ည ၈ နာရီခွဲလောက်ကလည်း ဆိုဝီတိုမြို့ကနေ ကီလိုမီတာ ၅၀၀ လောက်အကွာအဝေးမှာရှိတဲ့ စားသောက်ဆိုင်တဆိုင်မှာ လူ ၄ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရတဲ့ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ရဲအဖွဲ့က အတည်ပြုပါတယ်။
ဒါကြောင့် နာရီပိုင်းပဲခြားတဲ့ ဒီ ပစ်ခတ်မှု နှစ်ခုမှာ အဆက်အစပ် ရှိနိုင်တယ်လို့ ရဲတွေက ယူဆနေပါတယ်။
သေနတ်သမားတွေ လွတ်မြောက်နေဆဲဖြစ်လို့ ဘယ်အဖွဲ့တွေက ကျူးလွန်တယ်၊ လူဘယ်လောက်ပါဝင်သလဲဆိုတာကိုတော့ ရဲက တိတိကျကျ မသိသေးပါဘူး။
တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာ့မှာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေနဲ့ နာမည်ကျော်ပြီး နှစ်စဉ် လူ ၂၀,၀၀၀ လောက် အသတ်ခံနေရပါတယ်။
အခု ပစ်ခတ်မှုတွေဖြစ်နေတဲ့ ဆိုဝီတိုမြို့ဟာ တောင်အာဖရိရဲ့ အဓိက မြို့ကြီးဖြစ်တဲ့ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့နားက မြို့ငယ်လေး ဆိုပေမယ့် လူမည်းတွေ နေထိုင်ရာ မြို့နယ်တွေထဲ မှာတော့ လူဦးရေ အများဆုံးဖြစ်ပါတယ်။
အာဖရိကမှာရှိတဲ့ လူမည်းမြို့နယ်တွေဟာ တောင်အာဖရိကမှာ လူဖြူကြီးစိုးတဲ့ခေတ်က ဖွဲ့စည်းခဲ့ တဲ့ နယ်မြေပုံစံဖြစ်ပြီး ၁၉၉၄ မှာ ခေတ်ဆိုးစနစ်ဆိုး အဆုံးသတ်သွားခဲ့ပေမယ့် အလုပ်လက်မဲ့နဲ့ ဆင်းရဲမွဲတေမှုကတော့ ဆိုးမွေအဖြစ် အခုချိန်ထိ ကျန်နေဆဲ ဖြစ်ပါတယ်။