ထိုင်းနိုင်ငံမြောက်ပိုင်းမှာ တောမီးလောင်မှု၊ တောင်ယာမီးရှို့မှုတွေဖြစ်ပွားနေတာ ၁ လနီးပါး ရှိနေပြီဖြစ်ပြီး လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာပါတယ်။
အထူးသဖြင့် ချင်းမိုင်ခရိုင်ဟာ အဆိုးရွားဆုံးဖြစ်နေတာကြောင့် P.M 2.5 မီးခိုးမြူကြောင့် ကျန်းမာရေးထိခိုက်မှုမရှိဖို့ ဆောင်ရန်ရှောင်ရန်အချက်တွေကို ခရိုင်ဝန်ရုံးက ဧပြီ ၆ ရက်နေ့စွဲနဲ့ အရေးပေါ်ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
အစိုးရဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေနဲ့တိုက်ရိုက်ဆက်ဆံရမယ့် ဝန်ထမ်းတွေမှအပ ကျန်ဝန်ထမ်းတွေအားလုံး Work From Home မိမိနေအိမ်မှသာနေပြီး အလုပ်လုပ်ဖို့၊ အလားတူ ပုဂ္ဂလိကပိုင်ကုမ္ပဏီဝန်ထမ်းတွေလည်း နေအိမ်မှာသာအလုပ်လုပ်ဖို့၊ အစည်းအဝေးတွေကိုလည်း အွန်လိုင်းမှာသာ ပြုလုပ်ဖို့ ညွှန်ကြားထားပါတယ်။
စားသောက်ဆိုင်ဖွင့်လှစ်ထားသူတွေအနေနဲ့ မိမိဖောက်သည်တွေကို အဲယားကွန်း ဒါမှမဟုတ် မီးခိုးစုပ်စက်ကိရိယာ ပါတဲ့အခန်းမှာသာ သုံးဆောင်စေဖို့ စတဲ့အချက်လည်း ပါပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစွပ်များတပ်ဆင်ကြဖို့၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အသက်အရွယ် ကြီးရင့်သူအဘိုးအဘွားတွေ၊ ကိုယ်ခံရောဂါရှိသူတွေအနေနဲ့ အိမ်ပြင်ထွက်ခွာခြင်းမှ ရှောင်ကြဉ်ဖို့ တိုက်တွန်းထားပါတယ်။
ကလေးထိန်းကျောင်း မူကြိုကျောင်းတွေလည်း အခြေအနေပေါ်မူတည်ပြီး ယာယီပိတ်ထားဖို့ ဒါမှမဟုတ် မီးခိုးမြူစုပ်စက်တွေထားရှိဖို့၊ ဟင်းလင်ပြင်မှာ လူစုလူဝေးမရှိဖို့ အများပြည်သူ အပန်းဖြေနေရာ၊ အားကစားကွင်း စတဲ့နေရာတွေ ယာယီပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။
ချင်းမိုင်ခရိုင်ထဲမှာ တောင်ယာမီးရှို့မှုအပြင် ဆမိုင်း၊ ဟန်ဒုံး၊ ချင်းမိုင် (ဒွိုင်ဆုထိပ်)၊ ဒွိုင်စကစ်၊ ဖန်၊ ချင်းဒေါင်း စတဲ့မြို့နယ်ထဲမှာ တောမီးလောင်မှုတွေ ဖြစ်နေတာကြောင့် မီးခိုးမြူတွေ အုံ့ဆိုင်းနေပါတယ်။
ဖန်မြို့နယ် တုန့်ဖိန့်ကျေးရွာအုပ်စုထဲမှာ တောမီးလောင်တာဟာ ဧကပေါင်း ၂၀၀ ကျော်ထိ ပျံ့နှံ့ခဲ့ ပါတယ်။
ချင်းရိုင်းခရိုင် မယ်ဖာ့လုန်မြို့နယ် မြန်မာနယ်စပ်အနီး ဒွိုင်တုန်း၊ ဖာပိုး၊ လားဘား စတဲ့ တောင်တန်းတွေမှာ ဧပြီ ၅ ရက်ညက တောမီးလောင်တာလည်း ဧကပေါင်း ၃၀၀ ကျော်ပျံ့နှံ့ခဲ့ပြီး မီးကိုထိန်းချုပ်နိုင်ပြီဖြစ်ပေမယ့် မီးကြွင်းမီးကျန်ကနေ ထပ်မလောင်အောင် တာဝန်ရှိသူတွေက အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ထိုင်းမြောက်ပိုင်းဒေသ မီးခိုးမြူသိပ်သည်းမှုအခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့ (ဧပြီ ၇ ရက်) မနက် ၉ နာရီ တိုင်းထွာချက်အရ ချင်းမိုင်ခရိုင် မဲ့လိမ်းမြို့နယ်မှာ ၄၄၁ US AQI နဲ့ အဆိုးရွားဆုံး၊ အဲဒီနောက် လမ်းပန်းခရိုင် ဟန့်ချတ်မြို့နယ် ၄၂၅ US AQI မယ်ဟောင်ဆောင်ခရိုင် ပိုင်းမြို့နယ်မှာ ၄၂၄ US AQI ချင်းမိုင်ခရိုင် ဒွိုင်စကစ်မြို့နယ်မှာ ၄၁၉ US AQI ဆန်ဆိုင်းမြို့နယ် ၄၁၆ US AQI မယ်ဟောင်ဆောင်မြို့တွင်း ၄၁၀ US AQI ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ် ၄၀၈ US AQI ချင်းရိုင်းခရိုင် ဝိန်းချိုင်းမြို့နယ် ၃၇၁ US AQI နန့်ခရိုင် မြို့ထဲမှာ ၃၅၃ US AQI ချင်းရိုင်းခရိုင် ကျိန်းခေါင်မြို့နယ်မှာ ၃၄၃ US AQI အသီးသီးရှိတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။
မြောက်ကိုရီးယားက နိုဝင်ဘာ ၃ ရက်မှာ ဒုံးကျည်တစင်း ထပ်မံပစ်လွှတ်ခဲ့ပြီး အဲဒီဒုံးကျည်ဟာ ဂျပန်နိုင်ငံကို ဖြတ်ကျော်ပျံသန်းမှာ စိုးရိမ်တဲ့အတွက် အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမြောက်ပိုင်းက မိယာ့ငိ၊ ယာမာ့ငတ်တာ့နဲ့ နိအိငတ်တာ့ စီရင်စုတွေမှာ နေတဲ့သူတွေကို J-Alert အရေးပေါ်ထုတ်လွှင့်ချက် စနစ်အရ အိမ်ထဲမှာ ခိုလှုံနေဖို့ သတိပေးထားပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီး ယာစုခါ့ဇု ဟာမာဒါက နောက်ပိုင်းမှာ သတိပေးချက်ကို ပြန်တုံ့ပြန်ခဲ့ပြီး “ဒုံးကျည်ဟာ ဂျပန်ဘက်ကို ဖြတ်ကျော်ပျံသန်းတာ မရှိခဲ့ဘဲ ဂျပန်ပင်လယ်အထက် ကောင်းကင်ယံမှာ ပျောက်ကွယ်သွားခဲ့တယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
မြောက်ကိုရီးယားက တရက်တည်းအတွင်း ဒုံးကျည် ၂၃ စင်းထက်မနည်း ပစ်ခတ်ပြီးတဲ့ နောက်ရက်မှာပဲ မြောက်ကိုရီးယားက နောက်ထပ် ဒုံးကျည် အကြိမ်ရေ အများအပြား ထပ်မံ ပစ်လွှတ်ခဲ့တာပါ။
ဒုံးကျည်တစင်းကတော့ တောင်ကိုရီးယား ကမ်းရိုးတန်းကို ပထမဆုံးအကြိမ်အဖြစ် ထိမှန်ခဲ့ပါတယ်။