မသမာတဲ့ နည်းလမ်းနဲ့ လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲမှုတွေ ရှိနေတဲ့အတွက် မြို့နယ်အလိုက် ကွမ်းဆင်းစစ်ဆေးပြီး အရေးယူသွားမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ထုတ်ပြန်သတိပေးထားပါတယ်။
တရားမဝင် ဓာတ်အားသုံးစွဲသူတွေကြောင့် ဓာတ်အားပျောက်ဆုံးမှုတွေ၊ ဗို့အားကျဆင်းမှုတွေ၊ ထရန်စဖော်မာတွေမှာ ဝန်အားမနိုင်နင်းမှုကြောင့် လောင်ကျွမ်းပျက်စီးမှုတွေ ဖြစ်တဲ့အပြင် လျှပ်စစ်ကဏ္ဍမှာ ဝင်ငွေ လျော့နည်းကျဆင်းမှုတွေ ဖြစ်ပေါ်နေစေတဲ့အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် အဖွဲ့နဲ့ ကွင်းဆင်းစစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမယ်လို့ YESC က ထုတ်ပြန်ထားတာပါ။
လျှပ်စစ်ဓာတ်အားကို ခိုးယူသုံးစွဲတာ၊ ဆင့်ပွားဓာတ်အားဆက်သွယ်အသုံးပြုတာ၊ အထွေထွေ အိမ်သုံးမီတာ၊ အိမ်တွင်းသုံးပါဝါမီတာကနေ စီးပွားရေးလုပ်ငန်းလုပ်ကိုင်တာ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းတွေမှာ ခွင့်ပြုဝန်အားထက် ပိုမိုသုံးစွဲတာ၊ မီတာအမျိုးမျိုးကို ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲတာ၊ လျှပ်စစ်ဓာတ်အားအသုံးမပြုဖို့ ကန့်သတ်တားမြစ်ထားတဲ့အချိန်မှာ ဓာတ်အားရယူပြီး စက်မှုလက်မှုလုပ်ငန်းတွေမှာ အသုံးပြုတာ၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် အလှည့်ကျ ဓာတ်အားပိတ်ထားတဲ့ အချိန်မှာ မိမိသဘောနဲ့ လျှပ်စစ်ဓာတ်အားကို ရယူပြီး စက်မှုလက်မှုလုပ်ငန်းတွေမှာ အသုံးပြုတာ အပါအဝင် နည်းလမ်း ၁၁ ခုနဲ့ လျှပ်စစ်ဓာတ်အားကို တရားမဝင်သုံးစွဲမှုတွေ ပြုလုပ်နေကြတယ်လို့ YESC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီနည်းလမ်းတွေထဲက တခုခုကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးဖော်ထုတ်တွေ့ရှိရင် မီးသုံးစွဲသူ ကာယကံရှင်နဲ့အတူ ပူးပေါင်းကြံစည်ပါဝင် လုပ်ဆောင်သူတွေကိုပါ ဓာတ်အားဖြတ်တောက်တာ လျော်ကြေးငွေကို တပ်ဆင်ဝန်အားအရ တွက်ချက်တောင်းခံတာ စတဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေပုဒ်မ ၅၂၊ ၅၃ အရလည်း အမှုဖွင့် တရားစွဲဆိုသွားမယ်လို့ ဆိုထားပြီး ပြစ်မှုထင်ရှားကြောင်း စီရင်ခြင်းခံရရင် ငွေဒဏ်အပြင် အနည်းဆုံးငါးနှစ်ကနေ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ခံရမယ်လို့လည်း YESC က သတိပေးထားပါတယ်။
ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနနဲ့ Border News Agency (BNA) သတင်းဌာနတို့ကို အရေးယူမယ်လို့ မတ်လ ၁၂ ရက်က ရခိုင်ပြည်နယ်စစ်ကောင်စီရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။
ရခိုင်အခြေစိုက် မီဒီယာ ၂ ခုကို မဟုတ်မမှန် သတင်းတွေရေးသားဖော်ပြနေတယ်ဆိုပြီး အရေးယူဖို့ လုပ်ဆောင်နေတဲ့အပြင် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ တပ်တိုး အမှုဖွင့်လိုက်တယ်လို့ဆိုပါတယ်။
နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို ၂၀၂၂ ခုနှစ်တုန်းကလည်း သတင်းဖော်ပြမှုတခုနဲ့ပတ်သက်လို့ ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)၊ ရာဇသတ်ကြီးပုဒ်မ- ၅ဝ၅(က)တို့နဲ့ စစ်ကောင်စီက အမှုဖွင့် တရားစွဲဆိုထားပြီး အခုတဖန် နောက်ထပ် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ)နဲ့ ထပ်တိုး အမှုဖွင့်လိုက်ကြောင်း ပြည်နယ်စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြပါတယ်။
နောက်ထပ် ရခိုင်သတင်းဌာနအသစ်တစ်ခုဖြစ်တဲ့ Border News Agency(BNA) သတင်းဌာနကိုလည်း “ဂိတ်များ ထပ်မံတိုးချဲ့ဖွင့်ခြင်း၊ မလိုအပ်ဘဲ စစ်ဆေးခြင်း၊ ငွေကြေး တောင်းခံခြင်းများရှိကြောင်း”သတင်းနဲ့ပတ်သက်ပြီး အရေးယူဖို့လုပ်နေတာလို့ဆိုပါတယ်။
ဒီသတင်းဟာ မဟုတ်မမှန် ချဲ့ကားရေးသားထားတာဖြစ်ကြောင်းနဲ့ ဒေသခံပြည်သူတွေက ခရီးသွားဖို့ စိုးရိမ်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားတာဖြစ်ပါတယ်။
တရားစွဲခံထားရတဲ့ နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က “ရခိုင်မှာက စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိခဲ့တယ်။ ရခိုင်လူထုတွေကို တမင်ရည်ရွယ်ပြီးတော့ ကုန်းလမ်းရေလမ်း အဆက်အသွယ်တွေ ဖြတ်တောက်ထားတာတွေရှိခဲ့တယ်။ အဲ့ဒါတွေကို ကျနော်တို့က သတင်းရေးသားဖော်ပြခဲ့တယ်။ စစ်ကောင်စီတပ်သားတွေရဲ့ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ အနိုင်ကျင့်မှုတွေ သူတို့ရဲ့ ဥပဒေမဲ့လုပ်ရပ်တွေပို ကျနော်တို့ မီဒီယာသမား တော်တော်များများ ဖော်ထုတ်ရေးသားခဲ့ကြတဲ့အပေါ်မှာ သူတို့ကမနှစ်သက်ကြဘူး။ မလိုလားဘူး။ မကျေနပ်ဘူးပေါ့။ အဲ့ဒါကြောင့် ရခိုင်မှာရှိတဲ့မီဒီယာသမားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်တယ်၊ အကျပ်ကိုင်တယ်၊ ရခိုင်မီဒီယာတွေ လုပ်ရှားလို့မရအောင် ဒီလိုရည်ရွယ်ချက်တွေနဲ့ နိမ်နင်းဖို့ ကြိုးစားနေတာပေါ့။ ဒါကြောင့် ဒီလိုတရားစွဲဆိုမှုတွေ ဖြစ်လာတာလို့မြင်တယ်” လို့ ပြောပါတယ်။
နိရဉ္စရာသတင်းဌာနနဲ့ BNA သတင်းဌာနတို့ဟာ စစ်ကောင်စီရဲ့ ရခိုင်ပြည်အတွင်း စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်၊ ဂိတ်စောင့်တွေ ငွေကြေးတောင်းခံနေတာ၊ ရေလမ်းကြောင်းတွေ မှာလည်း ကုန်သည်နဲ့ ခရီးသွားပြည်သူတွေဆီကနေ ဆပ်ကြေးငွေတောင်းခံစစ်ဆေးနေတဲ့ အကြောင်းအရာများကို သတင်းထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
BNA သတင်းဌာနကို ဘာပုဒ်မနဲ့ ဘယ်လိုအရေးယူမယ်ဆိုတာ မဖော်ပြထားပေမဲ့ နိရဉ္စရာသတင်းဌာနကိုတော့ အရင်ဖွင့်လှစ်ထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ် ၆၆ (ဃ)နဲ့ ထပ်မံအမှုဖွင့်လှစ်ထားပါတယ်။
ရခိုင်ပြည်နယ်မှာ နိရဉ္စရာသတင်းဌာန၊ DMG သတင်းဌာန၊ Western News သတင်းဌာနနဲ့ BNA သတင်းဌာနတို့ အခြေစိုက်ပြီး အဆိုပါမီဒီယာအားလုံးဟာ စစ်ကောင်စီရဲ့ တရားစွဲဆိုအရေးယူတာကို ခံထားရပါတယ်။
တရားစွဲဆိုထားတဲ့ ပုဒ်မတွေကတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ဖြစ်ပြီး DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုတော့ မတရားအသင်းမှာ ရာထူးကြီးယူထားမှု ပုဒ်မ ၁၇ (၂) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။