close

အရှေ့စည်းကျေးရွာ

close

September 14, 2022

ကလေးမြို့ အရှေ့စည်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၊ ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားအုပ်စု၊ အရှေ့စည်းကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၃ ရက်ညမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတယောက် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ရန်ကြီးအောင်ကျေးရွာကနေ အရှေ့စည်းရွာဘက်ကို ည ၉ နာရီလောက်မှာ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေ ထွက်ပြေးခဲ့ကြရပြီး အသက် ၆၀‌ ‌ကျော် အမျိုးသားတယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်တလုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးကျည်က ရွာထဲကို ၃ ချက်ကျတာ။ တောက်လျှောက်ထုတာ။ ညတွင်းချင်း တောက်လျှောက် ပြေးနေကြတာ ရုတ်ရုတ်သဲသဲပဲ။ သူတို့ ဘာကြောင့် အခုလို ရမ်းသန်းပစ်ခတ်သလဲတော့ မသိဘူး။”

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၁ မိနစ်ခြားလောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး  အဆိုပါ အမျိုးသားမှာ ပေါင်၊ ခါးနဲ့ နောက်ကျောတို့မှာ လက်နက်ကြီးကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီအရှေ့စည်းကျေးရွာမှာ အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိတဲ့အနက် ၅၀၀ ဝန်းကျင်ကို ပြီးခဲ့တဲ့ မေလလဆန်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက် ည ၉ နာရီလောက်ကလည်း ရန်ကြီးအောင်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေက အရှေ့စည်းရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့သေးတယ်လို့ သိရပါတယ်။

12 mins Ago

May 6, 2022

ကလေးမြို့နယ်၊ အရှေ့စည်းကျေးရွာတွင် စစ်ရှောင်ကလေးငယ် ၁၀၀ ခန့် ဝမ်းရောဂါဖြစ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားကျေးရွာအုပ်စု၊  အရှေ့စည်းကျေးရွာမှာ ‌စစ်ဘေးရှောင်ကလေးငယ် ၁၀၀ ဝန်းကျင်လောက် ဝမ်းလျှော ဝမ်းပျက် ရောဂါဖြစ်ပွားနေတဲ့အတွက် ဆေးဝါးကျန်းမာရေး အကူအညီတွေ လိုအပ်နေတယ်လို့  ဒေသခံပြည်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေက အရှေ့စည်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာမှာ ရှောင်တိမ်းနေကြရတာပါ။

အဲဒီလို စစ်ဘေးရှောင်ရင်း ကလေးငယ်တွေက တောင်ကျချောင်းရေချိုးပြီး တောင်ကျချောင်းရေကိုပဲ သောက်သုံးရတဲ့အတွက် ကလေးငယ်တွေအနေနဲ့ မေ ၄ ရက်ကစပြီး ဝမ်းလျှော ဝမ်းပျက် ဖြစ်ပေါ်နေကာ ကုသပေးမယ့်သူလည်း မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကလေးငယ် ၂၀၀ ဝန်းကျင်မှာ တဝက်နီးပါးက အခုလို ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရတဲ့အတွက် နေစရာ အခက်အခဲလည်း ရှိနေသလို စားနပ်ရိက္ခာတွေလည်း လုံလောက်မှုမရှိဘူးလို့ အရှေ့စည်းရွာက ဒေသခံတဦးက ဆိုပါတယ်။

အရှေ့စည်းရွာဟာ အိမ်ခြေ ၉၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာကြီးတခုဖြစ်ပြီး မေလဆန်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်မီးရှို့ခဲ့လို့ ကျေးရွာအတွင်းက အိမ်ခြေ ၇၀၀ ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကလည်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေဟာ ဒိုးနွယ်မြစ်ကူးတံတား ကူးတဲ့အချိန် တံတားကျိုးကျပြီး ဒေသခံ ၇ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။

4 months Ago
Up