ကလေးမြို့ အရှေ့စည်းကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၊ ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားအုပ်စု၊ အရှေ့စည်းကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၃ ရက်ညမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားတယောက် ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရန်ကြီးအောင်ကျေးရွာကနေ အရှေ့စည်းရွာဘက်ကို ည ၉ နာရီလောက်မှာ လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေပြည်သူတွေ ထွက်ပြေးခဲ့ကြရပြီး အသက် ၆၀ ကျော် အမျိုးသားတယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သလို နေအိမ်တလုံးလည်း လက်နက်ကြီးထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“လက်နက်ကြီးကျည်က ရွာထဲကို ၃ ချက်ကျတာ။ တောက်လျှောက်ထုတာ။ ညတွင်းချင်း တောက်လျှောက် ပြေးနေကြတာ ရုတ်ရုတ်သဲသဲပဲ။ သူတို့ ဘာကြောင့် အခုလို ရမ်းသန်းပစ်ခတ်သလဲတော့ မသိဘူး။”
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ၁ မိနစ်ခြားလောက် ပစ်ခတ်ခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသားမှာ ပေါင်၊ ခါးနဲ့ နောက်ကျောတို့မှာ လက်နက်ကြီးကျည်စထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီအရှေ့စည်းကျေးရွာမှာ အိမ်ခြေ ၈၀၀ ဝန်းကျင်ရှိတဲ့အနက် ၅၀၀ ဝန်းကျင်ကို ပြီးခဲ့တဲ့ မေလလဆန်းပိုင်းမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက် ည ၉ နာရီလောက်ကလည်း ရန်ကြီးအောင်ကျေးရွာမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွေက အရှေ့စည်းရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့သေးတယ်လို့ သိရပါတယ်။