ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ ဗိုလ်ရွှေဗျိုင်းလမ်းမှာ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက ဆရာဝန်တဦး နေအိမ်အတွင်း ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အမှတ် ၁၁ ရပ်ကွက် ဗိုလ်ရွှေဗျိုင်းလမ်းရှိတဲ့ ရွှေသွားဆေးခန်းက ဆရာဝန်တဦးဖြစ်တဲ့ ဒေါက်တာအောင်မျိုးဟိန်းဟာ နေအိမ်အတွင်း မိမိကိုယ်ကို ဆွဲကြိုးချပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“မနေ့ည ၈ နာရီကသေတာ၊ ရဲတွေရောက်လာပြီး လူနာတင်ယာဥ်နဲ့ လာသယ်သွားတာ၊ ဘယ်လိုဖြစ်ပြီး အခုလိုလုပ်သွားလဲမသိဘူး။”
သေဆုံးသူ ဒေါက်တာအောင်မျိုးဟိန်းရဲ့ ရုပ်အလောင်းကို ပရဟိတအဖွဲ့တွေက လူနာတင်ယာဥ်နဲ့သယ်ဆောင်ပြီး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အထွေထွေကျပ်တည်းမှုတွေကြောင့် ရဲမှူးကြီး၊ ခရိုင်ဦးစီးအရာရှိ၊ ဆရာဝန်နဲ့ အခြေခံလူတန်းစားတွေ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ ၅၀ နီးပါးရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ အမှတ် ၁၃ ရပ်ကွက် ကျန်စစ်သားလမ်းမပေါ်က အမှိုက်ပုံမှာ ဇန်နဝါရီ ၈ ရက် ဒီနေ့မနက် ဗုံးပေါက်ကွဲပြီး အနီးက ကလေး တယောက် ဗုံးစမှန် သေဆုံးခဲ့ကာ တယောက် ဒဏ်ရာ ပြင်းထန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဒီမနက် ၈ နာရီလောက်ကအမှိုက်ပုံမှာ ဗုံးပေါက်တာ။ အသံအတော်ကျယ်တယ်။ အမှိုက်ပုံမှာ အမှိုက်ရှာနေတဲ့ ကလေး ၁ ယောက်က သေသွားတယ်။ ၁၀ နှစ်အရွယ်လေးတွေ သေတာ။ တစ်ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရ သွားတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။
ရန်ကုန်မှာ ဒီမနက်ပိုင်းက ၁၃ လမ်း ၊ လမ်းမတော်မြို့နယ် ရဲစခန်းမှာလည်း ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
လမ်းမတော်မြို့နယ် ရဲစခန်းဗုံးဖောက်ခွဲမှုကို DARK SHADOW အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဖွဲ့သားတွေ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
အလားတူ စမ်းချောင်းမြို့ ကျွန်းတောလမ်းနားမှာလည်း မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု မကြားရသေးဘူးလို့ သိရပါတယ်။
ရန်ကုန်မြို့မှာ နေရာ အတော်များများ ဗုံးပေါက်ကွဲမှုတွေ ရက်ဆက် ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်ကလည်း ပိတ်ဆို့စစ်ဆေးမှုတွေ တင်းကျပ်ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။