close

အရှေ့ဒဂုံ အမှိုက်ပုံအနီး ဗုံးပေါက်ကွဲပြီး ကလေး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊  အမှတ် ၁၃ ရပ်ကွက် ကျန်စစ်သားလမ်းမပေါ်က အမှိုက်ပုံမှာ ဇန်နဝါရီ ၈ ရက် ဒီနေ့မနက်  ဗုံးပေါက်ကွဲပြီး  အနီးက ကလေး တယောက် ဗုံးစမှန် သေဆုံးခဲ့ကာ  တယောက် ဒဏ်ရာ ပြင်းထန်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ဒီမနက် ၈ နာရီလောက်ကအမှိုက်ပုံမှာ  ဗုံးပေါက်တာ။ အသံအတော်ကျယ်တယ်။ အမှိုက်ပုံမှာ အမှိုက်ရှာနေတဲ့ ကလေး ၁ ယောက်က သေသွားတယ်။ ၁၀ နှစ်အရွယ်လေးတွေ သေတာ။ တစ်ယောက်ကတော့ အပြင်းအထန် ဒဏ်ရာရ သွားတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။

ရန်ကုန်မှာ ဒီမနက်ပိုင်းက ၁၃ လမ်း ၊ လမ်းမတော်မြို့နယ် ရဲစခန်းမှာလည်း ဗုံးပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

လမ်းမတော်မြို့နယ် ရဲစခန်းဗုံးဖောက်ခွဲမှုကို DARK  SHADOW  အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဖွဲ့သားတွေ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

အလားတူ စမ်းချောင်းမြို့ ကျွန်းတောလမ်းနားမှာလည်း  မနက် ၁၁ နာရီလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု မကြားရသေးဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့မှာ နေရာ အတော်များများ ဗုံးပေါက်ကွဲမှုတွေ ရက်ဆက် ဖြစ်ပေါ်နေပြီး စစ်ကောင်စီဘက်ကလည်း  ပိတ်ဆို့စစ်ဆေးမှုတွေ တင်းကျပ်ပြုလုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up