close

အရှေ့ဥရောပ

close

February 3, 2022

အမေရိကန်က တပ်သား ၃၀၀၀ နီးပါး အရှေ့ဥရောပသို့ ပို့

ယူကရိန်းအရေး ရုရှားနဲ့ တင်းမာမှုမြင့်နေချိန်မှာ အမေရိကန်ကာကွယ်ရေးဌာန ပင်တဂွန်က မဟာမိတ် နေတိုးတပ်ဖွဲ့တွေကို ကူညီဖို့ အရှေ့ဥရောပဆီ အမေရိကန်တပ်သား ၃၀၀၀ နီးပါး အခု ရက်ပိုင်း စေလွှတ်မယ်လို့ ကြေညာပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက “အမေရိကန်တပ်မျိုးစုံကို ပိုလန်၊ ရိုမေးနီးယား၊ ဂျာမနီနိုင်ငံတွေဆီလွှတ်မှာပါ။ ယူကရိန်းမှာ တိုက်ခိုက်ဖို့မဟုတ်ဘူး၊ ကျွန်တော်တို့ နေတိုးမဟာမိတ်တွေကို ကာကွယ်ဖို့ပါ၊ လိုအပ်ရင် တပ်သား ၈၅၀၀ အထိ ချထားမယ်”လို့ ပြောပါတယ်။

ရုရှားသမ္မတပူတင်ကလည်း ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အင်္ဂါနေ့က တရားဝင် ပြောဆိုရာမှာ  “ရုရှားဟာ ကျူးကျော်သူမဟုတ်ဘူး၊ သားကောင်ဖြစ်နေတာပါ၊ ရုရှားကို စစ်ပွဲထဲ ဆွဲသွင်းနေတာ အမေရိကန်ပါ” လို့ ပြောခဲ့ပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ဥရောပရေးရာ အငြိမ်းစားဒါရိုက်တာ ဒုတိယဗိုလ်မှူးကြီး  အလက်ဇန်ဒါးဗင်ဒ်မန်းကတော့ နေတိုးအင်အားတိုးမြှင့်ဖို့ အမေရိကန်တပ်တွေလွှတ်တာ  မှန်ကန်တယ်၊ ရုရှားဟာ ကျူးကျော်မှုမှန်သမျှအတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်ဆိုတာကို အချက်ပြလိုက်တာပဲ” လို့ သုံးသပ်ပါတယ်။

ပြီးခဲ့ရက်သတ္တပတ်တွေအတွင်း ရုရှားနဲ့ အနောက်အုပ်စုကြား ယူကရိန်းပြဿနာအပေါ် သံတမန်ရေးနည်းနဲ့ အဖြေရှာမှု ရလဒ်မထွက်တဲ့နောက် နှစ်ဖက်စလုံး စစ်ရေးချထားမှုတွေ ပိုလုပ်လာတာပါ။ 

9 mins Ago

January 1, 2022

အရှေ့ဥရောပတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၁ သန်းကျော်ရှိလာ

အရှေ့ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁  သန်းကျော်သွားပြီး၊   အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်က အဲဒီနိုင်ငံတွေကို နောက်ထပ်ခြိမ်းခြောက်လာနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

ဥရောပတိုက်မှာ ကိုဗစ်ကြောင့် နေ့စဉ်သေဆုံးမှု အမြင့်ဆုံး ငါးနိုင်ငံအနက် သုံးနိုင်ငံက အရှေ့ဥရောပနိုင်ငံတွေဖြစ်ပြီး ရုရှား၊ ပိုလန်၊ ယူကရိန်းတို့ ဖြစ်ပါတယ်။ 

ဒီဇင်ဘာ ၂၉ ရက် စာရင်းတွေအရ  ပိုလန်မှာ  ကိုဗစ် စတုတ္ထလှိုင်းဝင်နေပြီး သေဆုံးမှု စံချိန်တင် မြင့်တက်နေပါတယ်။ 

အနောက်ဥရောပနိုင်ငံတွေနဲ့ယှဉ်ရင် ပိုလန်မှာ ကာကွယ်ဆေးထိုးမှု နည်းသလို  ကျန်းမာရေးကုသမှု မနိုင်မနင်းတွေ ဖြစ်နေတာကြောင့် သေဆုံးမှုနှုန်းတက်နေတာလို့ ပိုလန်သမားတော်ကြီးတဦးက ပြောပါတယ်။   

ဒီဇင်ဘာ ၃၀ ရက်နေ့ စာရင်းအရ ရုရှားက ကိုဗစ်ရောဂါနဲ့သေဆုံးမှု  တကမ္ဘာလုံးမှာ ဒုတိယဖြစ်လာပြီး ဘရာဇီးကို ကျော်တက်သွားပါတယ်။ 

အမေရိကန်ပြည်ထောင်စုနောက်က ကပ်လိုက်နေပါတယ်။ ယူကရိန်းက ကာကွယ်ဆေးထိုးမှု ကမ္ဘာ့အနည်းဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ ပထမအကြိမ်ထိုးပြီးသူ လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။

အရှေ့ဥရောပမှာ ကာကွယ်ဆေးထိုးမှု အမြင့်ဆုံးနိုင်ငံတွေက ချက်သမ္မတနိုင်ငံနဲ့ ဟန်ဂေရီတို့ ဖြစ်ပြီး၊ လူဦးရေရဲ့ ၆၄ ရာခိုင်နှုန်းက အနည်းဆုံး တကြိမ် ထိုးပြီးခဲ့ပါပြီ။

1 month Ago
Up