close

အလာစကာ

close

March 26, 2023

အလာစကာရှိ ရေနံစီမံကိန်း အတည်မပြုရန် အမေရိကန်သမ္မတဆန္ဒရှိဟု ကနေဒါပြော

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ အလာစကာပြည်နယ်က ဝီလိုအမည်ရ ရေနံစီမံကိန်းကို အတည် မပြုဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒရှိခဲ့တယ်လို့ မတ် ၂၄ ရက်မှာ အော်တဝါမြို့က ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

“ကောင်စီဘက်ကရရှိ လာတဲ့ အကြုံပြုချက်အရ ဒီကိစ္စသာ အမှုဖြစ်လာခဲ့မယ်ဆိုင်ရင် တရားရုံးမှာ လုံးဝရှုံးနိမ့်မှာပါ၊ ရေနံကုမ္ပဏီကိုလည်း တရားရေးအရ ရှုံးနိမ့်နိုင်တာကြောင့် ကိုယ်တကယ် လုပ်ချင်တဲ့ အရာတစ်ခုအတွက် ဒီ့ထက်ကျော် လွန်ပြီးကျနော့်မှာ လုပ်နိုင်စွမ်းမရှိဘူး”လို့ ဘိုင်ဒင်က ဖြည့်စွက်ပြောပါတယ်။ 

ကွန်နိုကို ဖီးလစ်ပ်ကုမ္ပဏီက အဆိုပြုလာတဲ့ ဒေါ်လာ ၇ဘီလီယံနီးပါး တန်ကြေးရှိ ဝီလို စီမံကိန်းဟာ အလာစကာပြည်နယ်က အမျိုးသားအရံရေနံ လုပ်ကွက်နေရာမှာ တည်ရှိပြီး အမေရိကန်နိုင်ငံရဲ့ ဧက ၂၃ သန်းသော အများပြည်သူပိုင် ဧရိယာမှာ ရေနံတူးဖော် မှာဖြစ်ပါတယ်။ အဲဒီဧရိယာမှာ ရေနံစည်ပေါင်း သန်း ၆၀၀လောက် ထွက်နိုင်တယ် လို့ ခန့်မှန်းထားပါတယ်။

ဘိုင်ဒင်ရဲ့ ပြည်ထဲရေးဌာနက မူလအဆိုပြုထားတဲ့ပမာဏထက် ရေနံတူးဖော်မယ့် နေရာ ၃ခု အပါအဝင် ရေခဲပြင်ပေါ်က အခြေခံအဆောက်အအုံတွေကိုပါ ပမာဏလျှော့ချမယ့် အဆိုပြုချက် အသစ်ကို အတည်ပြုခဲ့တာပါ။ 

အဲဒီနယ်မြေမှာ နေထိုင်ကျက်စားလျက်ရှိတဲ့ ပိုလာဝက်ဝံတွေနဲ့ မြောက် အမေရိကဒေသမှာ အတွေ့ များတဲ့ ငှက်မျိုးစိတ်တွေအပေါ်  ဒီစီမံကိန်းရဲ့ သက်ရောက်မှုကိုလည်း လျှော့ချ နိုင်လိမ့်မယ်လို့ ပြည်ထဲရေးဌာနက ဆိုပါတယ်။ 

ဒါပေမဲ့ဒီစီမံကိန်းဟာ အလာစကာပြည်နယ်က ရေခဲပြင်တွေပေါ်မှာ တည်ရှိတာကြောင့် အဲဒီဒေသက တိရစ္ဆာန်မျိုးစိတ်တွေရဲ့ အသက်ရှင်နေထိုင်ရေးအပြင် ကမ္ဘာကြီးပူနွေးလာမှုနဲ့ ပင်လယ်ရေမြင့်တက်နိုင်မှုအပေါ် စိုးရိမ်နေကြတဲ့ အမေရိကန်ပြည်သူတွေက ဒီစီမံကိန်း ရပ်တန့်ဖို့ လက်မှတ် ၆သန်း တောင်းဆိုထားရာမှာ လက်မှတ် ၅ သန်းနီးပါးအထိ ရရှိထားပြီ ဖြစ်ပါတယ်။

ဒီစီမံကိန်းပမာဏကို လျှော့ချလိုက်ပေမယ့်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ဒီအပေါ် မှာ ကျေနပ်မှုမရှိပါဘူး။ 

ဒီလိုသေးငယ်တဲ့ စီမံကိန်းပမာဏနဲ့တင် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက် စေနိုင်သလို ရာသီဥတုပြောင်းလဲမှုအပေါ် တိုက်ဖျက်မယ်ဆိုတဲ့ ဘိုင်ဒင်အစိုးရရဲ့ ရွေးကောက်ပွဲ ကတိ ပြုချက်တွေနဲ့လည်း ဒီကိစ္စကကွဲလွဲနေတယ်လို့ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ဝေဖန်ထား ကြပါတယ်။ 

9 mins Ago

February 13, 2023

ကနေဒါနှင့် အလာစကာကောင်းကင်တွင် မိုးပျံဘောလုံးများ အမေရိကန်တိုက်လေယာဉ်ဖြင့် ထပ်မံပစ်ချ

ကနေဒါနိုင်ငံနဲ့ အလာစကာပြည်နယ်တွေအပေါ်မှာ ပျံသန်းနေလို့ ပစ်ချခဲ့ရတဲ့ အရာဝတ္ထုတွေဟာ မိုးပျံဘောလုံးတွေဖြစ်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေး အရာရှိတွေက ယုံကြည်ကြတဲ့အကြောင်း အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် ချပ်ခ်ရှုးမားက ဖေဖော်ဝါရီ ၁၂ရက်က ပြောလိုက်ပါတယ်။

ပြည်သူတွေ အန္တရာယ်ကျရောက်နိုင်တဲ့ အမေရိကန်အကျိုးစီးပွားတွေရှိရင် သင့်လျော်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်မယ်ဆိုတာ သေချာပါတယ်လို့လည်းသူက  အေဘီစီ သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၀ နဲ့ ၁၁ ရက် က ပစ်ချခဲ့တဲ့ ပစ္စည်းတွေဟာ ဖေဖော်ဝါရီ ၄ ရက်က တောင်ကာရိုလိုင်းနားပြည်နယ်မှာ ပစ်ချခဲ့တဲ့ ပထမဆုံး တရုတ်စပိုင်မိုးပျံဘောလုံးထက် အများကြီး ပိုသေးတယ်လို့လည်းသူက ဆက်ပြောခဲ့ပါတယ်။

အခုဖေဖော်ဝါရီလအတွင်း  လေးခုမြောက် မိုးပျံပူဘောလုံးကို  တနင်္ဂနွေနေ့မှာ ပစ်ချဖို့ သမ္မတ ဘိုင်ဒင်က အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးပစ်ချခဲ့တဲ့  ကနေဒါနယ်စပ်အနီး မီချီဂန်ရှိ ဟူရွန်ကန်ရဲ့ အပေါ်မှာ ရှိတဲ့  မိုးပျံဘောလုံးကိုတော့ F-16 တိုက်လေယာဉ်ကနေ ဒုံးကျည်နဲ့ ပစ်ချခဲ့တာဖြစ်ပါတယ်။

မိုးပျံဘောလုံးဟာ  ပေ ၂၀,၀၀၀ လောက်မှာ ပျံသန်းသွားနေတာဖြစ်ပြီး ခရီးသည်တင်လေယာဉ်တွေ ပျံသန်းသွားလာမှုကို အနှောင့်အယှက်ဖြစ်နိုင်တယ်လို့လည်း အမေရိကန်က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကလည်း ကနေဒါလေပိုင်နက်ထဲက အမည်မသိ အရာဝထ္တုတခုကို အမေရိကန် ဂျက်တိုက်လေယာဉ်က ပစ်ချခဲ့တယ်လို့ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက ပြောပါတယ်။ 

ကနေဒါလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ ဒီအရာဝထ္တုကို ပစ်ချဖို့ သူအမိန့်ပေးခဲ့တာဖြစ်ပြီး U.S. F-22  လေယာဉ်က အောင်မြင်စွာပစ်ချနိုင်တဲ့တယ်လို့လည်း ပြောပါတယ်။

ဒီအရာဝထ္တုဟာ စလင်ဒါပုံရှိပြီး  ပြီးခဲ့တဲ့သီတင်းပတ်က ပစ်ချခဲ့တဲ့ တရုတ်မိုးပျံဘောလုံးထက် အရွယ်အစားသေးငယ်တယ်လို့  ကနေဒါကာကွယ်ရေးဝန်ကြီးကလည်းပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့  အမေရိကန်ဟာလည်း မိုးပျံဘောလုံး ၁၀ ခုကျော်လောက်ကို လွှတ်တင်ထားတယ်လို့ ပြန်လည်တုံ့ပြန်ပြောပါတယ်။

1 month Ago
Up