ထောင်နဲ့ချီတဲ့ ဟန်ဂေရီ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဟာ လုပ်ခလစာ တိုးမြင့်ရေးနဲ့ သပိတ်မှာ ပါဝင်တဲ့အတွက် အလုပ်ထုတ်ခံရတဲ့ ကျောင်းဆရာတွေနဲ့ နောက်ထပ် အလုပ် ထုတ်ခံရမယ်လို့ သတိပေးခံထားရတဲ့ ဆရာတွေကို ထောက်ခံ အားပေးတဲ့အနေနဲ့ အောက်တိုဘာ ၁၄ ရက်က သီတင်း ၂ ပတ်အတွင်း ဒုတိယမြောက် အဓိကလူထုစုဝေးပွဲထဲ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
သပိတ်မှောက်တဲ့အထဲ ပါဝင်ခဲ့ရင် အလုပ်ထုတ်ခံရမယ်ဆိုပြီး ကျောင်းဆရာတွေဆီ ပေးပို့ထားတဲ့ အမိန့်စာတွေကို ဘူဒါပက်စ်ရှိ ကျောင်းသားတွေက မီးရှို့ဖျက်ဆီးပြခဲ့ပါတယ်။
ဆန္ဒပြပွဲ စီစဉ်သူတွေရဲ့ ပြောကြားချက်အရ နိုင်ငံတဝန်းရှိ ရာနဲ့ချီတဲ့ ဆရာ၊ဆရာမ တွေဟာ ပညာရေးမှူးရုံးတွေကနေ အဲဒီစာတွေ လက်ခံရရှိကြောင်း သိရပါတယ်။
ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ရဲ့ အစိုးရဟာ တရားဥပဒေစိုးမိုးရေး အငြင်းပွားမှုတွေကြားမှာ ညပ်နေတဲ့ EU ပြန်လည် ထူထောင်ရေး ရန်ပုံငွေကို ဥရောပကော်မရှင်က ထုတ်ပေးလိုက်တာနဲ့ ဆရာဆရာမတွေရဲ့ လုပ်ခလစာ တိုးပေးမယ်လို့ ပြောထားပါတယ်။
အော်ဘန်အစိုးရက ဆရာတွေရဲ့ လစာတွေကို လာမယ့်နှစ်မှာ ၅ ပုံ ၁ ပုံ တိုးပေးမှာ ဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ်မှာ တက္ကသိုလ်ဘွဲ့ရတွေရဲ့ ပျမ်းမျှဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို တိုးပေးမယ်လို့ အခုသီတင်းပတ် အစောပိုင်းမှာ ကတိပြုခဲ့ပါတယ်။
“သင်္ချာတွက်တတ်တဲ့သူတိုင်း ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ လစာ ၂၀ ရာခိုင်နှုန်း တိုးပေးလိုက်တာနဲ့ ငွေဖောင်းပွမှုကို လုံလောက်အောင် လွှမ်းခြုံနိုင်မှာ မဟုတ်ဘူး”လို့ ဘူဒါပတ်စ် အလယ်ပိုင်း ချီတက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာမ နိကိုလတ်-တို့သ်-ဇီပါ က ပြောပါတယ်။
ကျောင်းဆရာတွေဟာ “စာသင်ချင်တယ်” ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုကို စတင်ခဲ့ပြီး လုပ်ခလစာ မြင့်မားရေး၊ ဆရာဆရာမများ ရှားပါးမှုကို ဖြေရှင်းပေးရေးနဲ့ သပိတ်မှောက်ပိုင်ခွင့်တို့ကို တောင်းဆို ဖို့အတွက် အာဏာဖီဆန် မနာခံမှု လုပ်ဆောင်ဖို့လည်း တောင်းဆိုထားပါတယ်။
အော်ဘန်ရဲ့ ဧပြီလ ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း ကျောင်းသားတွေ၊ ဆရာတွေနဲ့ မိဘတွေကနေ ကျောင်းဆရာတွေအတွက် လူနေမှုအဆင့်အတန်း မြင့်မားရေး တောင်းဆိုထားတဲ့ အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း ချာ့ချိန်းဆောဝ်းခရိုင် ဘန်နမ့်ပလျို့မြို့နယ်ရှိ Joinsoon လျှပ်စစ်ပစ္စည်းစက်ရုံမှာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၉ ဦး အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့အတွက် ကျန်ရှိအလုပ်သမားပေါင်း ၄၅၀ ကျော် ဒီကနေ့မနက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဘာအကြောင်းပြချက်မှမရှိဘဲ သူတို့လုပ်ဖော်ကိုင်ဘက်ကို ရုတ်တရက်အလုပ်ဖြုတ်လိုက်တာ ကြောင့်ရော၊ နောက်နောင်လည်း မပြောမဆို အလုပ်ထုတ်ပစ်တာမျိုးတွေ ထပ်ဖြစ်လာမှာစိုးလို့ အလုပ်မဆင်းဘဲ ဒီနေ့မနက် ၆ နာရီခွဲလောက်ကစပြီး စက်ရုံရှေ့မှာ အချိန် ၃ နာရီကြာ ဆန္ဒပြခဲ့ကြတယ်လို့ စက်ရုံလုပ်သားတဦးဖြစ်သူ ကိုဇင်ဖြိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
“အလုပ်သမားမှာ ဘာအပြစ်မှမရှိဘဲ ဘာအကြောင်းပြချက်မှမရှိဘဲ အလုပ်ထုတ်ပစ်တာကို မကျေနပ်လို့ ဆန္ဒပြတာပါ။ ငြိမ်ခံနေရင် နောက်လည်း ဒီလိုအလုပ်ခံရမှာလေ။ အဲဒါကြောင့် ဒီကနေ့ ကျနော်တို့တယောက်မှအလုပ်မဆင်းဘဲ စက်ရုံရှေ့အပြင်ဘက်ကနေ ဆန္ဒပြတယ်။ ကျနော်တို့က အလုပ်ထုတ်ရတဲ့အကြောင်းရင်းကို ရှင်းပြဖို့၊ ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရတဲ့ သူတွေအတွက် နစ်နာကြေး လစာ ၃ လစာ ပေးလျော်ဖို့ တောင်းဆိုတယ်။”
အလုပ်သမားတွေ အကြောင်းမဲ့အလုပ်ဖြုတ်ခံရတဲ့ကိစ္စ AAC အလုပ်သမားကူညီ စောင့် ရှောက်ရေးကွန်ရက်အဖွဲ့ကိုလည်း လှမ်းပြီးအကူအညီတောင်းခဲ့ကြောင်း၊ AAC အဖွဲ့မှ သူတို့ကို အချက်အလက်အတိအကျနဲ့ ကိုယ့်ဘက်ကပြင်ဆင်ထားပြီး ဘောင်ထဲကနေတောင်းဆိုဖို့၊ ညှိနှိုင်းခြင်းနဲ့အရင်ဖြေရှင်းပြီး မရတော့တဲ့အခါမှ ခရိုင်အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊ ထိုင်း-မြန်မာသံရုံး အလုပ်သမားသံအရာရှိတွေဆီ ဆက်သွယ်တိုင်ကြားဖို့ ကနဦးအကြံပြု ထားတယ်လို့ ဆိုပါတယ်။
မနက် ၉ နာရီကျော်လောက်မှာ စက်ရုံမန်နေဂျာရောက်လာပြီး သူတို့မှာ ပစ္စည်းအော်ဒါတွေ မလာတော့ အလုပ်လည်းမရှိလို့ အလုပ်သမားဦးရေလျှော့ဖို့ အလုပ်ကြီးကြပ်သူကို ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အလုပ်ဖြုတ်ခံရသူတွေအကုန်လုံးကို ပြန်ခန့်မယ်လို့ ပြောလို့ ပြေလည်မှုရခဲ့ကြောင်း၊ ဒီနေ့အတွက်တော့ သူတို့အလုပ်မဆင်းဘဲ မနက်ဖြန်မှ အားလုံးပြန်ဆင်းမယ်လို့ ကိုဇင်ဖြိုးအောင်က ပြောပါတယ်။
အလုပ်ကြပ်က သူနဲ့မတည့်တဲ့သူတွေ၊ သူ့ကိုအာခံဖူးတဲ့သူတွေကို အလုပ်ဖြုတ်မယ့် စာရင်းထဲ ထည့်ပေးလိုက်တာလို့ ဆိုပါတယ်။
စက်ရုံမှာ လုပ်အားခကို တနေ့ ၃၃၀ ဘတ်၊ အချိန်ပိုလုပ်ခ ၁ နာရီ ဘတ် ၅၀၊ နားရက်ကို ထိုင်းအစိုးရရုံးပိတ်ရက်တွေအတိုင်း ရရှိပေမယ့် နေမကောင်းလို့ ဆေးခန်းသွားရင် ကန်ထရိုက် တာက ဆေးဖိုးတဝက်ပဲ ပြန်ပေးကြောင်း၊ လူမှုဖူလှုံရေးရန်ပုံငွေကိုတော့ လစဉ်ကောက်ခံလို့ အဆိုပါလူမှုဖူလှုံရေးကတ်ပြား မိမိဘာသာကိုင်ဆောင်ခွင့်ပြုဖို့လည်း ကန်ထရိုက်တာအား တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
အဆိုပါစက်ရုံမှာ အလုပ်သမားပေါင်း ၅၀၀ ကျော်ရှိပြီး ၄၀၀ ကျော်က မြန်မာပြည်နယ်စုံက လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေလို့ သိရပါတယ်။