ဆရာများ အလုပ်ထုတ်ခံရသည့်အပေါ် ဟန်ဂေရီကျောင်းသားများနှင့်မိဘများ ဆန္ဒပြ

ထောင်နဲ့ချီတဲ့ ဟန်ဂေရီ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေဟာ လုပ်ခလစာ တိုးမြင့်ရေးနဲ့ သပိတ်မှာ ပါဝင်တဲ့အတွက် အလုပ်ထုတ်ခံရတဲ့ ကျောင်းဆရာတွေနဲ့ နောက်ထပ် အလုပ် ထုတ်ခံရမယ်လို့ သတိပေးခံထားရတဲ့ ဆရာတွေကို ထောက်ခံ အားပေးတဲ့အနေနဲ့ အောက်တိုဘာ ၁၄ ရက်က သီတင်း ၂ ပတ်အတွင်း ဒုတိယမြောက် အဓိကလူထုစုဝေးပွဲထဲ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
သပိတ်မှောက်တဲ့အထဲ ပါဝင်ခဲ့ရင် အလုပ်ထုတ်ခံရမယ်ဆိုပြီး ကျောင်းဆရာတွေဆီ ပေးပို့ထားတဲ့ အမိန့်စာတွေကို ဘူဒါပက်စ်ရှိ ကျောင်းသားတွေက မီးရှို့ဖျက်ဆီးပြခဲ့ပါတယ်။
ဆန္ဒပြပွဲ စီစဉ်သူတွေရဲ့ ပြောကြားချက်အရ နိုင်ငံတဝန်းရှိ ရာနဲ့ချီတဲ့ ဆရာ၊ဆရာမ တွေဟာ ပညာရေးမှူးရုံးတွေကနေ အဲဒီစာတွေ လက်ခံရရှိကြောင်း သိရပါတယ်။
ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်ရဲ့ အစိုးရဟာ တရားဥပဒေစိုးမိုးရေး အငြင်းပွားမှုတွေကြားမှာ ညပ်နေတဲ့ EU ပြန်လည် ထူထောင်ရေး ရန်ပုံငွေကို ဥရောပကော်မရှင်က ထုတ်ပေးလိုက်တာနဲ့ ဆရာဆရာမတွေရဲ့ လုပ်ခလစာ တိုးပေးမယ်လို့ ပြောထားပါတယ်။
အော်ဘန်အစိုးရက ဆရာတွေရဲ့ လစာတွေကို လာမယ့်နှစ်မှာ ၅ ပုံ ၁ ပုံ တိုးပေးမှာ ဖြစ်ပြီးတော့ ၂၀၂၅ ခုနှစ်မှာ တက္ကသိုလ်ဘွဲ့ရတွေရဲ့ ပျမ်းမျှဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းကို တိုးပေးမယ်လို့ အခုသီတင်းပတ် အစောပိုင်းမှာ ကတိပြုခဲ့ပါတယ်။
“သင်္ချာတွက်တတ်တဲ့သူတိုင်း ဒီပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ လစာ ၂၀ ရာခိုင်နှုန်း တိုးပေးလိုက်တာနဲ့ ငွေဖောင်းပွမှုကို လုံလောက်အောင် လွှမ်းခြုံနိုင်မှာ မဟုတ်ဘူး”လို့ ဘူဒါပတ်စ် အလယ်ပိုင်း ချီတက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဆရာမ နိကိုလတ်-တို့သ်-ဇီပါ က ပြောပါတယ်။
ကျောင်းဆရာတွေဟာ “စာသင်ချင်တယ်” ဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုကို စတင်ခဲ့ပြီး လုပ်ခလစာ မြင့်မားရေး၊ ဆရာဆရာမများ ရှားပါးမှုကို ဖြေရှင်းပေးရေးနဲ့ သပိတ်မှောက်ပိုင်ခွင့်တို့ကို တောင်းဆို ဖို့အတွက် အာဏာဖီဆန် မနာခံမှု လုပ်ဆောင်ဖို့လည်း တောင်းဆိုထားပါတယ်။
အော်ဘန်ရဲ့ ဧပြီလ ပြန်လည်ရွေးကောက်ခံရပြီးနောက်ပိုင်း ကျောင်းသားတွေ၊ ဆရာတွေနဲ့ မိဘတွေကနေ ကျောင်းဆရာတွေအတွက် လူနေမှုအဆင့်အတန်း မြင့်မားရေး တောင်းဆိုထားတဲ့ အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။