ဂရိနိုင်ငံပြီးရင် စပိန်နိုင်ငံဟာ ဥရောပမှာ အလုပ်လက်မဲ့နှုန်း ဒုတိယအမြင့်ဆုံးနိုင်ငံလို့ ယူရိုစတတ် သတင်းမှာ ဖော်ပြထားပါတယ်။
အသက် ၂၅ နှစ်အောက် လူငယ် ၂၉ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေပြီး အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၂၀ ရာခိုင်နှုန်း အလုပ်လက်မဲ့ ဖြစ်နေတာပါ။
အလုပ်အကိုင် လိုအပ်ပေမယ့် လူငယ်တွေဟာ လုပ်ခနည်းပြီး ရာသီအလိုက် အလုပ်ဖြစ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်ဝင်ဖို့ တွန့်ဆုတ်နေကြပါတယ်။
စပိန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ပျမ်းမျှလစာအနေနဲ့ တလကို ယူရိုငွေ ၁၁၀၀ ကနေ ၁၃၀၀ ကြား လစာပေးနေတယ်လို့ သမဂ္ဂတွေက ဆိုပါတယ်။
အိမ်နီးချင်း ပေါ်တူဂီမှာတော့ ပျမ်းမျှလစာ ပိုနည်းပြီး တလ ၈၈၁ ယူရိုမှာ ရပ်တည်နေပါတယ်။ တနိုင်ငံလုံး အနိမ့်ဆုံး လုပ်ခလစာက ၇၀၅ ယူရိုပါ။
အလုပ်လက်မဲ့နှုန်း မြင့်နေပေမယ့် လုပ်ခလစာ နည်းနေလို့ စပိန်ရဲ့ အစားအသောက်လုပ်ငန်း ကဏ္ဍမှာတင် လုပ်သားအင်အား ၂ သိန်း လိုအပ်နေတာပါ။
ပေါ်တူဂီနိုင်ငံက ဟိုတယ်လုပ်ငန်းမှာတော့ စျေးကွက်တောင်းဆိုမှု ပိုတိုးနေတာ ပြည့်မီဖို့ လုပ်သား အင်အား ၁ သောင်းခွဲထက်မနည်း လိုအပ်နေပါတယ်။
တကယ်လို့ လုပ်သားအင်အား မဖြည့်နိုင်ရင် ဟိုတယ်တချို့ဟာ လက်ခံနိုင်မယ့် ဧည့်သည် အရေအတွက်ကို လျော့ချရလိမ့်မယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
စပိန်နဲ့ ပေါ်တူဂီတို့ဟာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် အကြီးအကျယ် မှီခိုနေရတာပါ။
ရွှေ့ပြောင်းလုပ်သားတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးအတွင်း အသွားအလာ ပိတ်ဆို့ကန့်သတ်ချိန်မှာ သူတို့ မိခင်နိုင်ငံတွေဆီ ပြန်သွားခဲ့ကြပြီး ဥရောပဆီ ပြန်မလာကြသေးပါဘူး။
မကျေမနပ် ပြောနေမယ့်အစား အဖြေရှာသင့်တယ်လို့ စပိန်ရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဖြစ်နိုင်ဆုံး အဖြေကတော့ လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေးနဲ့ အလုပ်အချိန်ဇယားပဲလို့လည်း သူတို့က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးရိုက်ခတ်မှုနဲ့အတူ အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ခန့်မှန်းထားပါတယ်။
ထိုင်းကုန်သွယ်ရေးနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(EconThai)ရဲ့ ဒု ဉက္ကဋ္ဌ ထနစ်ဆိုရတ်ကတော့ နိုင်ငံတွင်း အလုပ်လက်မဲ့နှုန်းဟာ ဒုတိယ ၃ လပတ်မှာ ၉၃၇,၅၀၀ ယောက်နဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းထိ မြင့်တက်လာဖွယ်ရှိပြီး ပထမ ၃ လပတ် တုန်းကတော့ ၇၅၈,၀၀၀ ယောက်နဲ့ ၁ ဒသမ ၉၆ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ပြောပါတယ်။
အခုနှစ်မှာ အလုပ်လိုအပ်ချက်အနေနဲ့ ပြီးခဲ့တဲ့ဧပြီမှာ လေ့လာသင်ယူမှုတွေ ပြီးမြောက်ခဲ့တဲ့ ဘွဲ့ရကျောင်းသားကျောင်းသူအသစ် ၅ သိန်းအပါအဝင် ခန့်မှန်းခြေ ၃၇ ဒသ မ ၅ သန်းရှိတယ်လို့ ဆိုပါတယ်။
ထိုင်းအစိုးရအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုတွေ ထိန်းချုပ်ဖို့ တင်းကျပ်တဲ့ အစီအမံတွေကြောင့် တတိယ ၃ လပတ်မှာ ပေါ်ပေါက်လာတဲ့ အလုပ်အကိုင်လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ထနစ်က ပြောပါတယ်။
“အစိုးရအနေနဲ့ အထူးသဖြင့် အသေးစားနဲ့အလတ်စားစီးပွားရေး လုပ်ငန်းတွေမှာ အလုပ်အကိုင်ရရှိဖို့ ဒါတွေကို ဖြေလျှော့ပြီးတာနဲ့ သူတို့ကို ချက်ချင်းအလုပ် ခန့်အပ် နိုင်အောင် ပြင်ဆင်သင့်တယ်"
ဒါ့အပြင် ထိုင်းကုန်သွယ်ရေးနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (EconThai)ရဲ့ အလုပ်လက်မဲ့နှုန်းခန့်မှန်းချက်ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအ ဖွဲ့ချုပ်(ILO)ရဲ့ သတ်မှတ်ချက်နဲ့ အလုပ်သမား၀န်ကြီးဌာနနှင့် အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးရေးကောင်စီ(NESDC)လို အေဂျင်စီတွေနဲ့ ကွဲလွဲနေတယ်လို့လည်း ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်(ILO)က သတ်မှတ်ထားတာမှာတော့ အလုပ်မလုပ်သူ၊ ဒါမှမဟုတ် သီတင်းတပတ်မှာ ၁ နာရီအောက်အလုပ်လုပ်သူတွေကို အလုပ်လက်မဲ့အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုထားတာပါ။
EconThai ကတော့ သီတင်း ၁ ပတ်မှာ အလုပ်ချိန် ၁ နာရီမှ ၁၉ နာရီသာ အလုပ်လုပ်ရသူတွေကို အလုပ်လက်မဲ့အဖြစ် သတ်မှတ်ထားပြီး ၁ ရက်ကို အနည်းဆုံး ၈ နာရီ၊ ဒါမှမဟုတ် ၁ ပတ်ကို ၄၈ နာရီအလုပ်လုပ်ရသူတွေကိုသာ အလုပ်ရှိသူတွေလို့ သတ်မှတ်ထားတာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်မှာတော့ အလုပ်မလုပ်သူ တွေလို့ ဆိုရာမှာ နာရီ ၂၀ အောက် အလုပ်လုပ်သူတွေကို သတ်မှတ်ထားပြီး သူတို့ကို အလုပ်လက်မဲ့တွေလို့ မသတ်မှတ်ဘူးလို့ ဆိုပါတယ်။