close

စပိန်နိုင်ငံသည် ဥရောပ၌ အလုပ်လက်မဲ့နှုန်း ဒုတိယအမြင့်ဆုံးဖြစ်

ဂရိနိုင်ငံပြီးရင် စပိန်နိုင်ငံဟာ ဥရောပမှာ အလုပ်လက်မဲ့နှုန်း ဒုတိယအမြင့်ဆုံးနိုင်ငံလို့ ယူရိုစတတ် သတင်းမှာ ဖော်ပြထားပါတယ်။

အသက် ၂၅ နှစ်အောက် လူငယ် ၂၉ ရာခိုင်နှုန်း အလုပ်လက်မဲ့ဖြစ်နေပြီး အသက် ၁၆ နှစ်ကနေ ၂၄ နှစ်ကြား လူငယ် ၂၀ ရာခိုင်နှုန်း အလုပ်လက်မဲ့ ဖြစ်နေတာပါ။

အလုပ်အကိုင် လိုအပ်ပေမယ့် လူငယ်တွေဟာ လုပ်ခနည်းပြီး ရာသီအလိုက် အလုပ်ဖြစ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်ဝင်ဖို့ တွန့်ဆုတ်နေကြပါတယ်။

စပိန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍဟာ ပျမ်းမျှလစာအနေနဲ့ တလကို ယူရိုငွေ ၁၁၀၀ ကနေ ၁၃၀၀ ကြား လစာပေးနေတယ်လို့ သမဂ္ဂတွေက ဆိုပါတယ်။

အိမ်နီးချင်း ပေါ်တူဂီမှာတော့ ပျမ်းမျှလစာ ပိုနည်းပြီး တလ ၈၈၁ ယူရိုမှာ ရပ်တည်နေပါတယ်။ တနိုင်ငံလုံး အနိမ့်ဆုံး လုပ်ခလစာက ၇၀၅ ယူရိုပါ။

အလုပ်လက်မဲ့နှုန်း မြင့်နေပေမယ့် လုပ်ခလစာ နည်းနေလို့ စပိန်ရဲ့ အစားအသောက်လုပ်ငန်း ကဏ္ဍမှာတင် လုပ်သားအင်အား ၂ သိန်း လိုအပ်နေတာပါ။

ပေါ်တူဂီနိုင်ငံက ဟိုတယ်လုပ်ငန်းမှာတော့ စျေးကွက်တောင်းဆိုမှု ပိုတိုးနေတာ ပြည့်မီဖို့ လုပ်သား အင်အား ၁ သောင်းခွဲထက်မနည်း လိုအပ်နေပါတယ်။

တကယ်လို့ လုပ်သားအင်အား မဖြည့်နိုင်ရင် ဟိုတယ်တချို့ဟာ လက်ခံနိုင်မယ့် ဧည့်သည် အရေအတွက်ကို ​လျော့ချရလိမ့်မယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

စပိန်နဲ့ ပေါ်တူဂီတို့ဟာ ရွှေ့ပြောင်းလုပ်သားတွေအပေါ် အကြီးအကျယ် မှီခိုနေရတာပါ။

ရွှေ့ပြောင်းလုပ်သားတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးအတွင်း အသွားအလာ ပိတ်ဆို့ကန့်သတ်ချိန်မှာ သူတို့ မိခင်နိုင်ငံတွေဆီ ပြန်သွားခဲ့ကြပြီး ဥရောပဆီ ပြန်မလာကြသေးပါဘူး။

မကျေမနပ် ပြောနေမယ့်အစား အဖြေရှာသင့်တယ်လို့ စပိန်ရဲ့ အကြီးဆုံး အလုပ်သမား သမဂ္ဂ ကိုယ်စားလှယ်တွေက ပြောပါတယ်။ အဖြစ်နိုင်ဆုံး အဖြေကတော့ လုပ်ငန်းခွင်အခြေအနေ တိုးတက်ရေးနဲ့ အလုပ်အချိန်ဇယားပဲလို့လည်း သူတို့က ပြောပါတယ်။

//
Up