close

အလုပ်လုပ်ခွင့်သက်တမ်း

close

March 16, 2022

ထိုင်းတွင် အလုပ်လုပ်ခွင့်သက်တမ်း ၄ နှစ်ပြည့် MOU လုပ်သားများကို ၂ နှစ် ထပ်မံနေထိုင်ခွင့်ပြု

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ MOU စနစ်နဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တဦးကို ၄ နှစ်ထိ နေထိုင်လုပ်ကိုင်ခွင့် ရှိပါတယ်။

၄ နှစ်ပြည့်ပေမယ့် ဆက်ပြီး အလုပ်လုပ်ချင်တယ်ဆိုရင် မိမိနေရင်းနိုင်ငံကို ပြန်ပြီး MOU စာအုပ် နောက်တချီ ပြန်လုပ်ပြီးမှ ဝင်လာရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားကာလ ခရီးသွားလာရ အခက်အခဲ ရှိနေတာကတကြောင်း၊ ထိုင်းအလုပ်ရှင်တွေကလည်း အလုပ်သမား လိုအပ်ချက်တွေ ရှိနေဆဲမို့ အဆိုပါ လုပ်သက်ပြည့် အလုပ်သမားတွေကို နောက်ထပ် ဆက်ပြီး အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ကို ထိုင်းအစိုးရ ဝန်ကြီးများအဖွဲ့က သဘောတူလိုက်တယ်လို့ ထိုင်းအစိုးရအိမ်တော် ပြောရေးဆိုခွင့်ရှိသူ နိုင်းထနားကွန်း ဝုန်းကွန်းခုန်းချနက မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ပြောကြားပါတယ်။

သဘောတူညီချက်အရ သက်တမ်း ၄ နှစ်ပြည့် အလုပ်သမားတွေအနေနဲ့ မိမိနေရင်း ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံထဲမှာပဲ သက်တမ်းတိုးနိုင်ကြောင်း၊ သက်တမ်းတိုးပြီးရင် နောက်ထပ် ၂ နှစ်အထိ ယာယီလုပ်ကိုင် နေထိုင်ခွင့် ပြုသွားမယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း လုပ်ကိုင်ခွင့်သက်တမ်းကုန် MOU အလုပ်သမား စုစုပေါင်း ၁၀၆,၅၈၀ ဦးရှိပြီး မြန်မာလုပ်သား အများဆုံး ၅၄,၂၃၆ ဦး၊ ကမ္ဘောဒီးယား ၂၆,၈၄၀ ဦး၊ လာအို ၂၅,၅၀၄ ဦး ရှိပါတယ်။

ဒီမတိုင်ခင် မနှစ် ၂၀၂၁ ခုနှစ်တုန်းက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေတဲ့ အလုပ်သမားတွေကို တရားဝင်အဖြစ် မှတ်ပုံတင်စေခဲ့ရာမှာ ကျန်းမာရေးစစ်တာ၊ နေထိုင်ခွင့်ကတ်နဲ့ အလုပ်လုပ်ခွင့်ကတ်၊ နေထိုင်ခွင့်ဗီဇာ ကိစ္စတွေကို ၆ လအတွင်း အပြီးဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

နယ်စပ်ဝင်ပေါက်က နေ့ချင်းပြန် အလုပ်သမားတွေကိုတော့ မတ် ၁၅ ရက်နေ့ကစပြီး  စတင်လက်ခံနေပြီလို့ ဆိုပါတယ်။ အဆိုပါဝင်ပေါက်တွေကတော့ မြန်မာနယ်စပ် ချင်းရိုင်း၊ တာ့ခ်၊ ကန်ကျနပူရီနဲ့ ရနောင်းခရိုင်၊ လာအိုနယ်စပ် ဆီစကစ်နဲ့ စူရင်းခရိုင်၊ ကမ္ဘောဒီးယားနယ်စပ် တရာတ်နဲ့ ဆာကယောက်ခရိုင်တို့ပဲ ဖြစ်ပါတယ်။

11 mins Ago

August 7, 2020

ထိုင်းတွင် အလုပ်လုပ်ခွင့်သက်တမ်းကုန် ရွှေ့ပြောင်းလုပ်သားများကို ၂ နှစ်ဆက်လုပ်ခွင့်ပြုမည် 

အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးတော့မယ့် မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားက ရွေ့ပြောင်းလုပ်သားတွေကို ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်အထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုဖို့ ထိုင်းအစိုးရဝန်ကြီးများအစည်းအဝေးက သဘောတူလိုက်ပါတယ်။  ကိုဗစ်-၁၉ ဂယက်ကြောင့် အလုပ်လုပ်ခွင့်သက်တမ်းကုန်ပေမယ့် နေရပ်ပြန်လို့ မရသေးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ရော၊  ထိုင်းနိုင်ငံမှာ အခြေခံ အလုပ်သမား လိုအပ်ချက်တွေရှိနေတဲ့အခက်အခဲကို ဖြေရှင်းတဲ့အနေနဲ့ပါ အလုပ်သမားဝန်ကြီး ဌာနက တင်ပြလာတဲ့ အဆိုပြုချက်ကို ဩဂုတ် ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းအစိုးရဝန်ကြီးများ အဖွဲ့ အစည်းအဝေးက သဘောတူခဲ့တယ်လို့ ထိုင်းဝန်ကြီးများရုံးရဲ့ ဒု ပြောရေးဆိုခွင့်ရှိသူ နန်းဆောင် ရာ့ချ်ဒါး ထနာဒီလက်က သတင်းစာရှင်းလင်း ပြောပါတယ်။  ၂၀၂၂ ခုနှစ်ထိ ဆက်လက်လုပ်ကိုင်ခွင့်ပြုသွားမယ့် သူတွေထဲမှာ  အုပ်စု (၂)စု ပါဝင်ကြောင်း ၊   ပထမအုပ်စုထဲမှာ နေထိုင်ခွင့် ၄ နှစ်ပြည့် အမ်အိုယူလုပ်သားတွေ၊ (၃၀/၉/၂၀၁၉ မှ ၃၀/၀၆/၂၀၂၀ ) အတွင်း အလုပ်လုပ်ခွင့်သက်တမ်းကုန်သွားတဲ့ ပီဂျေပတ်စပို့စာအုပ် သို့မဟုတ် မည်သူမည်ဝါ ဖြစ်ကြောင်းထောက်ခံချက်ရထားတဲ့ အစိမ်းရောင်စာအုပ် ကိုင်ဆောင်သူတွေပါဝင်ပြီး စုစုပေါင်း ၆၄၉၀၄၆ ဦးရှိတယ်လို့ ဆိုပါတယ်။  သူတို့တွေဟာ ဒီနှစ် ဩဂုတ် ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်ထိ ကာလအတွင်း  သက်ဆိုင်ရာခရိုင်အလုပ်သမား ရှာဖွေခန့်ထားရေးရုံးတွေမှာ သွားရောက်ဆက်သွယ်ပြီး အလုပ်လုပ်ခွင့် လျှောက်လွှာတင်ခြင်း၊  ကျန်းမာရေးဆေးစစ်ခြင်း၊  ဗီဇာတုံး ထုခြင်း စတဲ့ အစီစဉ်တွေ ဆောင်ရွက်ပြီးတာနဲ့ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ နေထိုင်လုပ်ကိုင်ခွင့်ရ ရှိမှာဖြစ်ပါတယ်။ ရှေ့ဘက်က အလုပ်သမားကိုယ်ရေးရာဇဝင်နဲ့ ကျောဘက်က အလုပ်လုပ်ခွင့်ရ အချက်အလက်ဖော်ပြထားတဲ့  သက်သေခံကတ်ပြားတွေကိုတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးရုံးမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့ထိ အပြီး ထုတ်ပေးဖို့ လည်း ပါဝင်ပါတယ်။  ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ အလုပ်ဆက်လုပ်ခွင့်ပြုမယ့် ဒုတိယ အုပ်စုကတော့ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်နဲ့ ဝင်ရောက်လုပ်ကိုင်နေသူတွေဖြစ်ပြီး လုပ်သား ဦးရေ ၉၂၅၇၂ ဦးရှိကြောင်း၊ သူတို့သည်လည်း ဒီနှစ် ၂၀၂၀ အောက်တိုဘာ၃၁ ရက်နေ့ နောက်ဆုံးထားပြီး  သက်ဆိုင်ရာအလုပ်သမားရုံးမှာ အလုပ်လုပ်ခွင့်လျှောက်ထားခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးအာမခံကတ် ဝယ်ယူခြင်းတွေ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။  ဒီအုပ်စု ကတော့ အလုပ်လုပ်ခွင့် တကြိမ်ကို ၃ လ ခွင့်ပြုပြီး ဆက်ပြီးအလုပ်လုပ်မယ်ဆိုရင် ၃ လမပြည့်ခင် ကြိုတင်သွားပြီး သက်တမ်းတိုးဖို့၊ အလုပ်လုပ်ခွင့်ကို ဒီနှစ် နိုဝင်ဘာ ၁ ရက်နေ့ကစ ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။  အလုပ်ရှင်ဟောင်းကနေ ထွက်ခဲ့ပြီး ရက်ပေါင်း ၃၀ အတွင်း အလုပ်ရှင်သစ်သို့ မပြောင်းရ သေးသူတွေလည်း သွားရောက်ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒီအစီအစဉ်ဟာ ကိုဗစ်-၁၉ ကာလအတွင်း ထိုင်းအစိုးရက ရွှေ့ ပြောင်းလုပ်သားတွေအတွက် အထူးခွင့်ပြုလိုက်တဲ့အစီအစဉ်ဖြစ်လို့ ကြိုဆိုတယ်လို့ ပြောပါတယ်။  “အခုလိုမျိုး အစိုးရတွေက အခြေအနေအရပ်ရပ်ကိုသုံးသပ်ပြီးတော့မှ အလုပ်သမားတွေရဲ့ အရေးအလုပ်ရှင်တွေရဲ့အခက်အခဲတွေကို တတ်နိုင်သလောက်ကူညီ ပေးတဲ့အနေအထား ဒီလို အခွင့်အရေးမျိုးဆိုတာကလည်း ကိုဗစ်-၁၉ ရောဂါဖြစ်နေတာကြောင့် ထွက်လာတာပါ။ အခုလို အစိုးရက တရားဝင်နေထိုင်ခွင့်သက်တမ်းတိုး ပေးလိုက်တဲ့အခါမှာ သွားလုပ်ကြဖို့။ အခွင့်အရေးပေး တဲ့အခါ သွားမလုပ်ဘဲ တရားမဝင်ပုံစံမျိုး ဆက်နေမယ်ဆိုရင် နောက်နောင်သူတို့ စစ်ဆေးအရေးယူ တဲ့ခါမှာ ကိုယ်ကဒုက္ခဖြစ်မယ်။ ဒါကြောင့် မဖြစ်မနေ ဥပဒေနဲ့ အညီသွားလုပ်ကြဖို့ တိုက်တွန်းလို ပါတယ်။” ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာလ ပိတ်ဆို့မှုတွေကြောင့် စက်ရုံအလုပ်ရုံတချို့ ရပ်နားထားပြီး မြန်မာရွှေပြောင်းအလုပ်သမား ၁ သိန်းကျော်လည်း နေရပ်ပြန်သွားခဲ့ကြပါတယ်။  လက်ရှိ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှု လျော့နည်းလာတာကြောင့် အစိုးရက စည်းကမ်းချက်တွေ ဖြေလျှော့ပေးပြီး စက်ရုံအလုပ်ရုံတွေ ပြန်ဖွင့်ပေမဲ့ ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးဝင်ရောက်လာမယ့် နယ်စပ်ဂိတ်ပေါက်တွေ  ပြန်မဖွင့်သေးတာကြောင့် အလုပ်သမား လိုအပ်မှုတွေလည်းရှိနေတာပါ။  ကိုးကား- Matichon ကိုးကား - https://www.matichon.co.th/politics/news_2293696
2 years Ago
Up