close

ထိုင်းတွင် အလုပ်လုပ်ခွင့်သက်တမ်း ၄ နှစ်ပြည့် MOU လုပ်သားများကို ၂ နှစ် ထပ်မံနေထိုင်ခွင့်ပြု

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံအစိုးရ သဘောတူညီချက်အရ MOU စနစ်နဲ့ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ တဦးကို ၄ နှစ်ထိ နေထိုင်လုပ်ကိုင်ခွင့် ရှိပါတယ်။

၄ နှစ်ပြည့်ပေမယ့် ဆက်ပြီး အလုပ်လုပ်ချင်တယ်ဆိုရင် မိမိနေရင်းနိုင်ငံကို ပြန်ပြီး MOU စာအုပ် နောက်တချီ ပြန်လုပ်ပြီးမှ ဝင်လာရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားကာလ ခရီးသွားလာရ အခက်အခဲ ရှိနေတာကတကြောင်း၊ ထိုင်းအလုပ်ရှင်တွေကလည်း အလုပ်သမား လိုအပ်ချက်တွေ ရှိနေဆဲမို့ အဆိုပါ လုပ်သက်ပြည့် အလုပ်သမားတွေကို နောက်ထပ် ဆက်ပြီး အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနရဲ့ အဆိုပြုချက်ကို ထိုင်းအစိုးရ ဝန်ကြီးများအဖွဲ့က သဘောတူလိုက်တယ်လို့ ထိုင်းအစိုးရအိမ်တော် ပြောရေးဆိုခွင့်ရှိသူ နိုင်းထနားကွန်း ဝုန်းကွန်းခုန်းချနက မတ်လ ၁၅ ရက်မှာ ထုတ်ပြန်ပြောကြားပါတယ်။

သဘောတူညီချက်အရ သက်တမ်း ၄ နှစ်ပြည့် အလုပ်သမားတွေအနေနဲ့ မိမိနေရင်း ပြန်စရာမလိုဘဲ ထိုင်းနိုင်ငံထဲမှာပဲ သက်တမ်းတိုးနိုင်ကြောင်း၊ သက်တမ်းတိုးပြီးရင် နောက်ထပ် ၂ နှစ်အထိ ယာယီလုပ်ကိုင် နေထိုင်ခွင့် ပြုသွားမယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း လုပ်ကိုင်ခွင့်သက်တမ်းကုန် MOU အလုပ်သမား စုစုပေါင်း ၁၀၆,၅၈၀ ဦးရှိပြီး မြန်မာလုပ်သား အများဆုံး ၅၄,၂၃၆ ဦး၊ ကမ္ဘောဒီးယား ၂၆,၈၄၀ ဦး၊ လာအို ၂၅,၅၀၄ ဦး ရှိပါတယ်။

ဒီမတိုင်ခင် မနှစ် ၂၀၂၁ ခုနှစ်တုန်းက ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်နေတဲ့ အလုပ်သမားတွေကို တရားဝင်အဖြစ် မှတ်ပုံတင်စေခဲ့ရာမှာ ကျန်းမာရေးစစ်တာ၊ နေထိုင်ခွင့်ကတ်နဲ့ အလုပ်လုပ်ခွင့်ကတ်၊ နေထိုင်ခွင့်ဗီဇာ ကိစ္စတွေကို ၆ လအတွင်း အပြီးဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

နယ်စပ်ဝင်ပေါက်က နေ့ချင်းပြန် အလုပ်သမားတွေကိုတော့ မတ် ၁၅ ရက်နေ့ကစပြီး  စတင်လက်ခံနေပြီလို့ ဆိုပါတယ်။ အဆိုပါဝင်ပေါက်တွေကတော့ မြန်မာနယ်စပ် ချင်းရိုင်း၊ တာ့ခ်၊ ကန်ကျနပူရီနဲ့ ရနောင်းခရိုင်၊ လာအိုနယ်စပ် ဆီစကစ်နဲ့ စူရင်းခရိုင်၊ ကမ္ဘောဒီးယားနယ်စပ် တရာတ်နဲ့ ဆာကယောက်ခရိုင်တို့ပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up