close

အလူမီနီယံ

close

November 16, 2021

သံမဏိနှင့်အလူမီနီယံ သွင်းကုန်ခွန်ဖြေလျှော့ရေး ဂျပန်နှင့် အမေရိကန် ဆွေးနွေးမည်

ဂျပန်ရဲ့ သံမဏိနဲ့ အလူမီနီယံ ပြည်ပတင်ပို့ကုန်တွေအပေါ် အမေရိကန်က နောက်ထပ် သွင်းကုန်ခွန် ကောက်ခံမယ့်ကိစ္စကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကိုစတင်ဖို့ ဂျပန်နဲ့ အမေရိကန်တို့ သဘောတူလိုက်ပြီလို့ ဂျပန်စက်မှုလုပ်ငန်းဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

တိုကျိုမြို့တော်မှာ ကျင်းပတဲ့အစည်းအဝေးအတွင်း ဂျပန်စက်မှုလုပ်ငန်းဝန်ကြီး ကိုအိချိ ဟာဂီယူဒါ နဲ့ အမေရိကန် စီးပွားရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုတို့ ဆွေးနွေးနေချိန်မှာ ခုလို ပြောလိုက်တာပါ။

ဒါပေမဲ့ ဆွေးနွေးပွဲတွေအတွက် ရက်လည်း မသတ်မှတ်ထားသလို ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဆွေးနွေးခဲ့တာ မရှိဘူးလို့ ဝန်ကြီးဌာန အရာရှိ တယောက်က ပြောပါတယ်။

ဂျပန်နဲ့ အမေရိကန်ကြား ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးကို ကာလကြာရှည် ကသိကအောက် ဖြစ်စေတဲ့ သွင်းကုန်ခွန်ကို ဖြေလျှော့ပေးဖို့ ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ပြောအပြီးမှာ ခုလို ဝန်ကြီးအဆင့် ဆွေးနွေးခဲ့ကြတာပါ။

၂၀၁၈ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ချမှတ်ခဲ့တဲ့ သွင်းကုန်ခွန်ရဲ့ အပိုဒ် ၂၃၂ ကို ဖျက်သိမ်းဖို့ အမေရိကန်ကို ဂျပန်က ဒီလ အစောပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။

38 seconds Ago

March 1, 2018

အလူမီနီယံ သွင်းကုန်များ အမေရိကန်က အခွန်တိုးမြှင့် ကောက်ခံမှု တရုတ်မကျေနပ်

တရုတ်ကနေ တင်သွင်းတဲ့ အလူမီနီယံသွင်းကုန်တွေကို အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံတာကို တရုတ်က လုံးဝကျေပ်မှုရှိဘဲ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားသွားပါတယ်။ အမေရိကန်ဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ စည်းမျဉ်းတွေကို ဥပေက္ခာပြုခဲ့ပြီး တရုတ် အလူမီနီယံတင်ပို့သူတွေရဲ့ အကျိုးစီးပွားကို အများကြီးထိခိုက်စေခဲ့တယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ကုန်သွယ်ရေးနဲ့ စုံစမ်းစစ်ဆေးရေးဌာနချုပ် အကြီးအကဲ ၀မ်ဟူကျင်းက ပြောကြားခဲ့ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဌာနက တရုတ်နိုင်ငံရဲ့ အလူမီနီယံတင်သွင်းမှုအပေါ် အတည်ပြု အခွန်သတ်မှတ်ချက်ကို ဖေဖော်ဝါရီ ၂၇ ရက်က ကြေညာခဲ့ပါတယ်။ အမေရိကန်က တရုတ်အလူမီနီယံ သွင်းကုန်အခွန်ကို  ၄၆ ဒသမ ၆၄ ရာခိုင်နှုန်းကနေ ၁၀၆ ဒသမ ၀၉ ရာခိုင်နှုန်းထိ တိုးမြှင့်လိုက်တာဟာ ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့  ၀မ်ဟူကျင်းက ပြောပါတယ်။ တရုတ်နိုင်ငံက အလူမီနီယံ တင်သွင်းမှုကြောင့် ပြည်တွင်း အလူမီနီယံထုတ်လုပ်မှုကို ကျဆင်းစေ တယ်လို့ အမေရိကန်က ပြောပါတယ်။ အမေရိကန်ရဲ့ အလူမီနီယံ ထုတ်လုပ်မှုနဲ့ ရှယ်ယာ ဈေးကွက်ကျဆင်းတာဟာ သွင်းကုန်ထက် ကုန်ထုတ်လုပ်သူတွေရဲ့ ရွေးချယ်မှုကြောင့်သာဖြစ်တယ်လို့ ၀မ်ဟူကျင်းရဲ့ ပြောကြားချက်ကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up