သံမဏိနှင့်အလူမီနီယံ သွင်းကုန်ခွန်ဖြေလျှော့ရေး ဂျပန်နှင့် အမေရိကန် ဆွေးနွေးမည်

ဂျပန်ရဲ့ သံမဏိနဲ့ အလူမီနီယံ ပြည်ပတင်ပို့ကုန်တွေအပေါ် အမေရိကန်က နောက်ထပ် သွင်းကုန်ခွန် ကောက်ခံမယ့်ကိစ္စကို ဖြေရှင်းဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကိုစတင်ဖို့ ဂျပန်နဲ့ အမေရိကန်တို့ သဘောတူလိုက်ပြီလို့ ဂျပန်စက်မှုလုပ်ငန်းဝန်ကြီးဌာနက နိုဝင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
တိုကျိုမြို့တော်မှာ ကျင်းပတဲ့အစည်းအဝေးအတွင်း ဂျပန်စက်မှုလုပ်ငန်းဝန်ကြီး ကိုအိချိ ဟာဂီယူဒါ နဲ့ အမေရိကန် စီးပွားရေးဝန်ကြီး ဂျီနာရိုင်မွန်ဒိုတို့ ဆွေးနွေးနေချိန်မှာ ခုလို ပြောလိုက်တာပါ။
ဒါပေမဲ့ ဆွေးနွေးပွဲတွေအတွက် ရက်လည်း မသတ်မှတ်ထားသလို ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဆွေးနွေးခဲ့တာ မရှိဘူးလို့ ဝန်ကြီးဌာန အရာရှိ တယောက်က ပြောပါတယ်။
ဂျပန်နဲ့ အမေရိကန်ကြား ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးကို ကာလကြာရှည် ကသိကအောက် ဖြစ်စေတဲ့ သွင်းကုန်ခွန်ကို ဖြေလျှော့ပေးဖို့ ဆွေးနွေးမယ်လို့ အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ပြောအပြီးမှာ ခုလို ဝန်ကြီးအဆင့် ဆွေးနွေးခဲ့ကြတာပါ။
၂၀၁၈ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ချမှတ်ခဲ့တဲ့ သွင်းကုန်ခွန်ရဲ့ အပိုဒ် ၂၃၂ ကို ဖျက်သိမ်းဖို့ အမေရိကန်ကို ဂျပန်က ဒီလ အစောပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။